
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်မည့် အလုပ်သမားနှင့် သင်္ဘောသားများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါရမည်ဟု စစ်ကောင်စီတင်းကျပ်သတ်မှတ်လိုက် ကြောင်း သတင်းရရှိသည်။
အဆိုပါ အလုပ် ( Passport for Job) နှင့် သင်္ဘောသား ( Passport for Seamen) နိုင်ငံကူးလက်မှတ်သက်တမ်း တိုးလျှောက်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနကထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးမြှင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင်သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးတွင် passport သက်တမ်းတိုးရာတွင် လစာဝင်ငွေခွန်ပေး ဆောင်ရမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာက ထုတ်ပြန်လိုက်သည်။
“ သူများတိုင်းပြည်မှာ ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးရှာထားရတဲ့ပိုက်ဆံကို မတရားယူချင်နေတာ။ အခွန်ဆောင်ဖို့က အလုပ်ရှုပ်ရအုံးမယ်။ အခုကတော့ သေချာတော့မသိရသေးဘူး။ passport သက်တမ်းတိုးမှဆိုတော့ မတိုးရသေးရင် တစ်မျိုးထင်တာပဲ ” သင်္ဘောသားတစ်ဦးက ပြောကြားသည်။
ပြင်ပရောက်အလုပ်သမားများနှင် သင်္ဘောသားများ လစာဝင်ငွေကို နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်ရမည်ဖြစ်ကာ မြန်မာနိုင်ငံပြန်ရောက်မှ အခွန်ငွေဆောင်မည်ဆိုပါက သက်ဆိုင်ရာမြို့နယ်များတွင် ပေးဆောင်ရမည်ဖြစ်ပြီး passport သက်တမ်းတိုးရာတွင် အခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် တင်ပြရမည်ဖြစ်သည်။
စစ်ကောင်စီက ပြင်ဆင်လိုက်သော ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ခွင့်ပြုထားသည့် သက်သာခွင့်များနုတ်ပယ်ပြီး ကျန်ရှိငွေပေါ် အခွန်ဆောင်ခြင်းနှင့် သက်သာခွင့်နုတ်ပယ်ခြင်းမရှိဘဲ အခွန် နှစ်ရာခိုင်နှုန်းဆောင်နိုင်ကြောင်းသိရသည်။
ယခုဘဏ္ဍာ နှစ်ဖြစ်သည့် ၂၀၂၃ – ၂၀၂၄ ခုနှစ် အောက်တိုလမှစတင်ပြီး ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေနှင့် အခွန်ဘဏ္ဍာငွေရရှိရန် အမျိုးမျိုးတင်းကြပ်နေရာတွင် ပြင်ပရောက်အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်းကို ဘဏ်စနစ်ဖြင့်ငွေလွဲစေခြင်းနှင့် ယခုတစ်ခါဝင်ငွေခွန်ကောက်ယူခြင်းများဖြင့် ဘတ်ဂျက်လိုအပ်ချက်ဖြည့်တင်းရန် စီစဉ်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဝင်ငွေခွန် #ပြင်ပအလုပ်သမား #သင်္ဘောသား
#passportသက်တမ်းတိုး #Ayeyarwaddy_Times