နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်

တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်၍

စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ-EROs ၏ ဆောင်ရွက်ချက်များကို ထိရောက်ခြင်းမရှိဟု တရုတ်အစိုးရက ရှူမြင်နေပြီး ပြစ်မှုကျွန်းလွန်သူများသည် တရားဥပဒေစိုးမိုးမှုအောက်တွင် လက်တလုံးခြား လုပ်နေကြကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူများက ထောက်ပြပြောဆိုသည်။

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ကိုးကန့်နှင့် ‘ဝ’ ဒေသများတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ရာဇဝတ်ဂိုဏ်းများက လူကုန်ကူးမှု၊ ကျွန်ပြုမှု၊ ညှင်းပန်းနှိပ်စက်မှုများ ပိုမိုကျူးလွန်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က ယခုရက်ပိုင်းအတွင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

“တရုတ်က ဒီ online scan ကိစ္စက သူနိုင်ငံတကာမှာ နာမည်ပျက်နေတော့ သူ့ရဲ့သည်းခံနိုင်မှုက သူ့အကျိုးစီးပွါးလည်းထိခိုက်တယ်။ တိုင်းသူပြည်သားတွေလည်း တအားထိခိုက်တယ်။ သူရဲ့သည်းခံနိုင်မှုက ကုန်နေပြီပေါ့လေ။ တချိန်ထဲမှာလည်း မြန်မာဘက်မှာရှိတဲ့ စစ်ကောင်စီတို့ နောက် non-state actor တွေခေါ်တဲ့ တိုင်းရင်းသား EAO တွေက ကိုင်တွယ်တာတွေ ဘာတွေလုပ်ပေမဲ့ သူ့အမြင်မှာ မထိရောက်ဘူးဆိုတဲ့အမြင်မျိုးရှိတယ်” ဟု ရှမ်းပြည်နှင့် တရုတ်-မြန်မာ နယ်စပ်ရေးရာ လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် အဆိုပါ ရာဇဝတ်ဂိုဏ်းများကို အာဏာသိမ်း စစ်ကောင်စီနှင့် ဒေသဆိုင်ရာလက်နက်ကိုင်တပ်များက အကာအကွယ် ပေးထားသလို ဗီယက်နမ်အစိုးရပိုင် Viettel နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ကိုင်နေသော စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သည့် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍လည်း အွန်လိုင်းရာဇဝတ်မှုများအား ကျူးလွန်နေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF ၏ အစီရင်ခံစာအရ သိရသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်-UWSA ၏ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက မှတ်ချက်မပေးလိုသလို ၎င်းတို့အနေဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးအရေးယူ၊ လွှဲပြောင်းအပ်နှံမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းမ် သတင်းဌာနကို ပြောသည်။

“အဲ့သလို မသမာမှု ဒုစရိုက်အခြေပြု စီးပွါးရေးတွေမှာလည်း အကျိုးစီးပွါး ဦးစားပေးပြီး သက်ဆိုင်ရာ အာဏာပိုင် အစုအဖွဲ့တွေထဲက မိမိလုပ်ပိုင်ခွင့်ကို အသုံးချပါဝင်ပတ်သက်နေတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ရှိနေလေ့ရှိပါတယ်။ အခုလည်း ရှိနေနိုင်ပါတယ်။ တကယ်ပပျောက် ထိန်းသိမ်းလိုတဲ့ စေတနာမရှိမခြင်း ရှိနေအုံးမှာ ဖြစ်သလို အကျင့်ပျက် ချစားမှုနဲ့ အဂတိတရားအပေါ် အခြေပြုလည်ပတ် ကိုယ်ကျိုးရှာနေတဲ့ အစုအဖွဲ့တွေ ရှိနေသေးသ၍ ရှိနေအုံးမှာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‘ဝ’ ဒေသဖြစ်သည့် ပန်ဆန်းနှင့် မိုင်းပေါက်မြို့တွင် ယခင်က တရုတ်ဆက်သွယ်ရေးကွန်ယက်များကိုသာ အသုံးပြုခဲ့ကြသော်လည်း လွန်ခဲ့သော လေးနှစ်မှစ၍ မြန်မာ့ဆက်သွယ်ရေး ကွန်ယက်ဖြစ်သည့် Mytel ကွန်ယက် ဖြန့်ကျက်လာရာမှ မိုင်းပေါက်မြို့တွင် အွန်လိုင်း ငွေလိမ်သည့် လုပ်ငန်း လုပ်ကိုင်သည့်အခါ၌ Mytel ကွန်ရက်တစ်ခုတည်းကိုသာ အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

“လက်ရှိကာလ အခြေအနေမျိုးမှာ စီးပွါးရေး အကြပ်အတည်းနဲ့အတူ ဥပဒေဘောင်အတွင်းက စီးပွါးရေး လုပ်ကိုင်ပြီး အကျိုးအမြတ် ဖြစ်ထွန်းနိုင်ဖို့ ပိုခက်ခဲလာချိန်မှာ ဒီလိုမျိုး ဝင်ငွေရနည်းတွေအပေါ် စိတ်ဝင်စားမှု မြင့်တက်လာတတ်တဲ့ သဘောရှိသလို၊ အစောက ပြောတဲ့ လုပ်ပိုင်ခွင့် အာဏာရှိနေသူတွေအနေနဲ့လည်း လျော့ရဲလာတဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ လက်တလုံးခြား လုပ်ကိုင်နေမိရင်းကနေ ပိုမိုဆိုးရွားသွားတဲ့ သဘောလို့ မြင်မိပါတယ်“ ဟု ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောသည်။

Mytel ဆက်သွယ်ရေးလုပ်ငန်းသည် စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ်ပြီး စောင့်ကြပ်မှုများကို ကျယ်ပြန့်စွာ လုပ်ဆောင်နေသည့် လုပ်ငန်းဖြစ်သော်လည်း “ဝ”ဒေသတွင် Mytel ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ အွန်လိုင်းမှ ရာဇဝတ်မှုများ ကျူးလွန်နေကြသည်ကို ထိထိရောက်ရောက် အရေးယူခြင်း မရှိသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း SHRF က ဆိုသည်။

“အခုထူးခြားတာတော့ ‘ဝ’၊ ကိုးကန့်၊ မိုင်းလားနယ်မြေ သုံးခုပေါ့နော်။ နယ်မြေ သုံးခုမှာ တရုတ်ရဲ့ ပေါ်လစီတွေကို ဘယ်သူအလိုက်နာဆုံးလည်း ဆိုတာကို လေ့လာကြည့်တော့ မိုင်းလားတစ်နယ်ထဲ ဖြစ်နေတယ်။ ‘ဝ’ မှာတော့ အစိုးရကိုယ်ပိုင်အုပ်ချုပ်တဲ့ အခွင့်အရ ‘ဝ’တိုင်းလည်းရှိတယ်။ ဒါပေမဲ့ အဲဒါကတော့ နယ်မြေကျဉ်းကျဉ်းလေးပေါ့။ အဓိကကတော့ UWSA ထိန်းချုပ်တဲ့ နေရာပေါ့။ ကိုးကန့်မှာကတော့ ကိုးကန့်နယ်ခြားစောင့်တွေ၊ ပြည်သူ့စစ်တွေ၊ ကြံ့ခိုင်ရေးတို့ဘာတို့ အုပ်စုကနေ အဓိကထိန်းချုပ်ထားတဲ့ နေရာတွေရှိတယ်။ သို့သော် ဘယ်သူ အလိုက်နာဆုံးလဲဆိုတာကို ဒီပွဲကနေ မီးမောင်းထိုးပြ လိုက်သလိုလဲ ဖြစ်တာပေါ့နော်” ဟု ရှမ်းပြည်နှင့် တရုတ်-မြန်မာ နယ်စပ်ရေးရာ လေ့လာသူတစ်ဦးက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများ ထိုသို့ဒုစရိုက်မှုများ ပြုလုပ်နေသည်ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးရန်နှင့် ကိုးကန့်၊ “ဝ”အာဏာပိုင်များအား ၎င်းတို့ထိန်းချုပ်ရာ ဒေသများရှိ ရာဇဝတ်ဂိုဏ်းသားများနှင့် ပူးပေါင်းဆောင်ရွက်မှုပြုခြင်း၊အကာအကွယ်ပေးခြင်းများ မပြုလုပ်ရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်-SHRF က တိုက်တွန်းထားသည်။

အလားတူ ဗီယက်နမ်အစိုးရပိုင် Viettel ဆက်သွယ်ရေး ကုမ္ပဏီကိုလည်း ၎င်းတို့၏ ဖက်စပ် စီးပွားဖက်ဖြစ်သော Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ကွန်ယက်ကိုအသုံးပြု၍ ရှမ်းပြည်မြောက်ပိုင်းဒေသများတွင် ဒုစရိုက်မှုများ ကျူးလွန်နေမှုအပေါ် စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်။

ဓာတ်ပုံ – SHRF
#တရုတ် #အွန်လိုင်းရာဇဝတ်မှု #စစ်ကောင်စီ #EROs #ထိရောက်ခြင်းမရှိ #တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ #Ayeyarwaddy_Times