ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

မြန်မာကျပ်ငွေတန်ဖိုးများ ဆက်တိုက်ထိုးကျနေပြီး ငွေလဲနှုန်းများ မတည်ငြိမ်သည့်အတွက် ထိုင်း – မြန်မာနယ်စပ်ရှိ ငွေလဲလုပ်ငန်းတချို့ လုပ်ငန်းများ ရပ်နားထားကြောင်း သတင်းရရှိသည်။

ထိုင်း-မြန်မာနယ်စပ်၊မြဝတီမြို့နှင့်တဖက်ကမ်းရှိထိုင်းနိုင် ငံ၊မဲဆောက်မြို့တို့တွင် ဇူလိုင်လတတိယပတ်အတွင်းက ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၅၈ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့တွင် ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။

စစ်ကောင်စီထိမ်းချုပ်ထားသည့် နိုင်ငံတော် ဗဟိုဘဏ်မှ ဇူလိုင်လ ၂၁ ရက်နေ့ကထုတ်ပြန်သည့်တရားဝင်ဈေးနှုန်း မှာ ထိုင်း ၁ဘတ်လျှင်မြန်မာငွေ ၅၀ ကျပ်ဖြစ်သော်လည်း ထိုင်း – မြန်မာနယ်စပ်တွင် ငွေလဲနှုန်းမှာ ၁ ဘတ်လျှင် ၆၅ ကျပ်အထိ ရောက်ရှိနေသည်။ ထို့ကြောင့် ဗဟိုဘဏ်ဈေး နှုန်းနှင့် ဈေးကွက်အတွင်းရှိ ငွေလဲနှုန်းမှာ ၁၅ ကျပ်အထိ ကွာဟနေသည်။

ထိုသို့ မြန်မာငွေတန်ဖိုး ကျဆင်းမှုနှင့် ငွေလဲနှုန်း မတည် ငြိမ်ခြင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ငွေလဲ လုပ်ငန်းတချို့ ရပ်နားထားကြောင်း သိရသည်။

“ငွေလဲတာတွေ ရပ်ထားတယ်။ မြန်မာငွေဈေး အရမ်းကျ နေတာရယ် ငွေလဲနှုန်း အတက်အကျ အရမ်း မြန်နေတဲ့အတွက် ရပ်ထားတာ။ဘယ်တော့ပြန်ဖွင့်မလဲမပြောတတ်သေးဘူး။ အခြေအနေ ဆက်ပြီး စောင့်ကြည့်နေတယ်။ ဒီတိုင်းဆို မြန်မာကျပ်ငွေဈေးက ဆက်ကျမယ့်သဘောရှိတယ်”ဟု ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မဲဆောက်မြို့မှ အခြားသော ငွေလဲလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း “ဒီနေ့ ငွေလဲနှုန်းက မြန်မာငွေပေးပြီး ထိုင်းဘတ်ယူမယ်ဆိုရင် မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၅၄၀ နှုန်း (ထိုင်း ၁ ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်နှုန်း) လဲပေးနေတယ်။ မြန်မာငွေလဲနှုန်းက အရင်ရက်ထက်တော့ ကျနေတယ်”ဟု ပြောသည်။

မြန်မာငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းနေသဖြင့် ထိုင်းပစ္စည်းများ မြန်မာပြည်တွင်းသို့ တင်သွင်းသည့် ကုန်သည်များ အခက်တွေ့နေပြီး မြန်မာငွေလက်ဝယ်ကိုင်ထားသည့် ကုန်သည်များမှာလည်း ငွေကြေး ဖောင်းပွမှုကြောင့် ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“အခုက မြန်မာငွေဈေး ထိုးကျနေတော့ ထိုင်းကနေ မြန်မာပြည်ထဲကို ပစ္စည်းသွင်းနေတဲ့ကုန်သည်တွေ အကုန်ထိခိုက်ပြီ။ အရင်က ဘတ် ၁၀၀ တန်ပစ္စည်းကို ၆ ထောင်လောက် ပေးရတဲ့အခြေအနေကနေ အခုက ၆၅၀၀ ကို အော်တို ခုန်တက်သွားတာ။ ပြီးတော့ မြန်မာငွေကိုင်ထားမိတဲ့ ကုန်သည်တွေဆိုရင် မြန်မာငွေဈေး ထိုးကျတော့ ဒီတိုင်း ထိုင်နေရင်းနဲ့ကို ကျပ်သိန်း ရာနဲ့ချီ အရှုံးပေါ်ကုန်တာပေါ့”ဟု မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်တွင်း၌ အမေရိကန်ဒေါ်လာများကို ထိမ်းချုပ်မှုများ ပိုမိုပြင်းထန်စွာ လုပ်ဆောင်လာခဲ့သည့်အတွက် ပြည်တွင်း၌ ဒေါ်လာငွေလဲနှုန်းများလည်း ဆက်တိုက်မြင့်တက်နေသည်။ စစ်ကောင်စီလက်အောက်ရှိ ဗဟိုဘဏ်က ၁ ဒေါ်လာ ၁၈၅၀ ကျပ်နှုန်း သတ်မှတ်ထားသော်လည်း ပြင်ပ ပေါက်ဈေးမှာ ၁ ဒေါ်လာလျှင် ၂၅၀၀ မှ ၂၇၀၀ အထိ ပေါက်ဈေးရှိနေသည်။