
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၀ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်းကစတင်ပြီး စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းတပ်ဖွဲ့များက မြို့တွင်းနေရာပေါင်းစုံအပါအ၀င် ရပ်ကွက်ဆင်ခြေဖုန်းနေရာများအထိ ဆိုင်ကယ်စီးနင်းသူတွေကို အပြစ်ရှာဖမ်းဆီးကာငွေတောင်းယူမှုများပိုမိုပြုလုပ်လာကြောင်း ပုသိမ်မြို့ခံများကပြောသည်။
ပုသိမ်မြို့တွင် ဆိုင်ကယ်စီးနင်းခြင်းနှင့်ပတ်သတ်ပြီး မည်သည့်အချက်များရှောင်ရန်အတွက်လိုက်လံကြေငြာခြင်းမရှိဘဲ အုပ်စုဖွဲ့ကာနေရာစုံမှာဖမ်းဆီးကာ ဒဏ်ငွေဟု အကြောင်းပြချက်ဖြင့် ငွေတစ်သောင်းခွဲကနေ သုံးသောင်းအထိ အမျိုးမျိုးတောင်းခံနေကြောင်း မြို့ခံများကပြောသည်။
“အရင်ကဆို မြို့ထဲသွားမှ အဖမ်းခံရတာ၊ ခုကအိမ်ကနေ ဆိုင်ကယ်နဲ့လမ်းထိပ်ထွက်ရင်ကို သူတို့ကရောက်နေတာ။ သာမန်ရပ်ကွက်တွေအထိ ဖမ်းနေတာ စည်းကမ်းရှိအောင်ဆိုတာထက်မိတာနဲ့
ဘောင်ချာဖြတ်မလား ဒီတိုင်းညှိမလားဆိုတာမေးတာ။ ပိုဆိုးနေတာစီးပွားရေးတစ်ခုလိုဖြစ်နေပြီ”ဟု ပုသိမ်မြို့ခံအမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဆိုင်ကယ်စီးသူများဘက်မှ လိုင်စင်၊ များပြည့်စုံသော်လည်း ဆိုင်ကယ်တွင် ထီးအမိုးတပ်ထားခြင်း၊မောင်းနှင်သူများနဲ့ နောက်က ထိုင်သူထီးဆောင်းခြင်း၊ ဆိုင်ကယ် ဦးထုပ်အပေါ့စားဆောင်းခြင်းဆိုသည့် အကြောင်းပြချက်များနှင့် ဖမ်းဆီးငွေတောင်းခံကြောင်းသိရှိရသည်။
” မိုးတွေရွာနေလို့နောက်က လူကဆောင်းပေးပြီးမောင်းလာတာ ခရာမှုတ်ပြီးဖမ်းတော့ ဦးထုတ်၊လိုင်စင်အကုန်ပြတာ ထီးဆောင်းမောင်းလို့ဆိုပြီး ငွေတောင်းတယ်ဥပဒေကို ကိုင်ပြီးလိုသလိုလုပ်နေ ကြတာ”လို့ ပုသိမ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ပုသိမ်မြို့တွင် နေ့စဥ် နံနက် ၇ နာရီ အချိန်မှ စတင်ပြီးစစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းတပ်ဖွဲ့နှင့်
လက်နက်ကိုင်ရဲများက လမ်းဆုံလမ်းဂွများ၊မြို့တွင်း၊နှင့် ရပ်ကွက်များထိပ်ကို လိုက်လံကာ ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးနေတာဖြစ်ပြီး တရား၀င် ဒဏ်ငွေ ချလံဖြတ်ခြင်းထက် အပြီးအစီးဟုပြောဆိုကာငွေတောင်းယူခြင်းကပိုများကြောင်းပုသိမ်မြို့ခံများထံမှသိရှိရသည်။
#ပုသိမ်မြို့ #ယာဥ်ထိန်းရဲ #ဒဏ်ရိုက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times