
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသရှိ ကျေးရွာအချို့တွင် စိုက်ပျိုးထားသည့် သီးနှံပင်များ ရိတ်သိမ်းချိန်ရောက်နေသော်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်မှုကြောင့် ရိတ်သိမ်းခြင်း မပြုနိုင်ကြောင်း ဒေသခံများ ထံက သိရသည်။
“မစိုက်ပျိုးရတဲ့သူတွေရှိသလို စိုက်ပျိုးပြီးမှ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ထားခဲ့ပြီးထွက်ပြေးရတာတွေလည်းရှိတယ်။ အထူးသဖြင့် အဓိကစိုက်ပျိုးတာကတော့ နှမ်း၊ မြေပဲ၊ ပြောင်း၊ ငရုပ်၊ ကွမ်းပေါ့။ စိုက်ပျိုးချိန်မှာလည်း အလုအယက် စိုက်ပျိုး နေရသလို ရိတ်သိမ်းချိန်တွေမှာလည်း အလုပ်အယက်ရိတ်သိမ်းရတာ။ စစ်ကောင် စီ စစ်ကြောင်းထိုးတာနဲ့ကြုံလို့ ထွက်ပြေးကြရတော့ မရိတ်သိမ်းဘဲ ကျန်နေခဲ့တာတွေ လည်းရှိတယ်” ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ၁ နှစ်ခန့်သာ စိုက်ပျိုးရေး လုပ်ကိုင်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ ဝင်ရောက်စီးနင်း၍ နေအိမ်များသာမက စိုက်ခင်းများ၊ ကွန်းခြံများကိုပါ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်၍ စိုက်ပျိုးရေးကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
“တောင်သူကြီးတွေမပြောနဲ့။ တောင်သူငယ်တွေတောင် စိုက်ပျိုရေးအလုပ်ကို သိပ်မလုပ်နိုင်ကြတော့ဘူး။ ဘယ်နေ့ စစ်ကြောင်းထိုးမလဲ ဆိုတာကိုစောင့်နေရတာ။ စားဝတ်နေရေး အရမ်းခက်ခဲတာပေါ့။ အခုလည်း အသံနားထောင်ပြီး ရက်တိုစိုက်လို့ရတဲ့ သီးနှံစိုက်ပျိုးပင်တွေကိုသာစိုက်ပျိုးနေရတယ်။ စစ်ကောင်စီ စစ်ကြောင်းဝင်လာရင်တော့ မရိတ်သိမ်းဘဲ ထွက်ပြေးရတာပေါ့” ဟု မိုးကြိုးပြင်ကျေးရွာ ဒေသခံအမျိုးသမီးက ဆိုသည်။
လက်ပံတောင်းတောင်ဒေသတွင် စိုက်ပျိုးရေးကိုအဓိက လုပ်ဆောင်နေတဲ့ မြေဧက ၃၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် ဧက ၁၀၀၀ ခန့်ပင် စိုက်ပျိုးသူမရှိတော့ကြောင်း ဒေသခံများထံက သိရသည်။
“ စိုက်ပျိုးတဲ့သူမရှိကြတော့ဘူး။ မြေနုကျွန်းတွေမှာဆိုရင် ကြက်သွန်နီ၊ မြေပဲ၊ ပဲစိမ်းငိုနဲ့ ငရုပ်သီးကို အဓိကစိုက်ကြတာ။ တောင်ပေါ်ဒေသအနီးတဝိုက်မှာတော့ ပြောင်းနဲ့ ပဲစိမ်းငိုကို စိုက်တယ်။ အခုကတော့ စိုက်ပျိုးပြီးသားတွေပစ်ထားပြီး မရိတ်သိမ်း နိုင်သူတွေနဲ့ မစိုက်ပျိုးရတဲ့သူအများကြီးရှိတယ်” ဟု လက်ပံတောင်းတောင် ဒေသခံက ဆိုသည်။
ပုံစာ- ဒေသစိုက်ခင်းအချို့
#လက်ပံတောင်းတောင်ဒေသ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #စိုက်ပျိုးသီးနှံများ #ရိတ်သိမ်းခြင်းမပြုနိုင် #စိုက်ပျိုးရေးလုပ်ဆောင်သူနည်းလာ #Ayeyarwaddy_Times