
နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ် ယာဥ်တန်းအား ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဘီလင်းမြို့ ဒေါက်ရပ်ကျေးရွာအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ နံနက် ၉ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
“ဒေါက်ရပ်ကျေးရွာအနီးကို လုံခြုံရေးယူဖို့ စစ်ကြောင်းဝင်လာတာ။ အင်အား ၂၀ ကျော်လောက်ရှိမယ်။ ဝင်လာလာခြင်း မိုင်းဆွဲတိုက်ခိုက်လိုက်တာ သုံးဦးတော့ ထိခိုက်တာတွေ့ရတယ်။ သေမသေဆိုတာတော့ မသိရသေးဘူး” ဟု တောကျီးကန်း စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီခန့်တွင် အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီတပ်သည် ဒေါက်ရပ်ကျေးရွာအနီးကို ထပ်မံဝင်ရောက်လာ၍ တောကျီးကန်း စစ်ကြောင်း နယ်မြေခံဒရုန်းအဖွဲ့ ၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်များက ပြန်လည်ဆုတ်ခွာရာတွင် လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုများ ပြုလုပ်၍ ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအများအပြားရှိနိုင်ကာ ထိခိုက်သေဆုံးမှုအရေအတွက်ကိုမူ မသိရသေးကြောင်း တေားကျီးကန်းစစ်ကြောင်း တာဝန်ရှိသူထံကသိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်းစီတပ်ဖွဲ့ဝင် ခုနစ် ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ပုံစာ-တော်လှန်ရေးတပ်ဖွဲ့များ (ပုံဟောင်း)
#ရန်ကုန်မော်လမြိုင်ကားလမ်း #စစ်ကြောင်းထိုး #စစ်ကောင်စီတပ် #မိုင်းဆွဲတိုက်ခိုက်ခံ #ထိခိုက်သေဆုံး #Ayeyarwaddy_Times