
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများကို ၄င်းတို့စစ်ကောင်စီမှ လုံခြုံရေး၊အုပ်ချုပ်ရေး၊စည်းရုံးရေးနည်းလမ်းတွေနဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့လို့ ယခုအခါမှာ နည်းပါးသွားပြီလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပြောဆိုလိုက်ပါတယ်။
ဇူလိုင်လ ၂၁ ရက် မနေ့က နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင် လှိုင်က ၄င်းရဲ့ကောင်စီဝင်တွေကို အခုလိုပြောကြားခဲ့တာပါ။
”ဖေဖော်ဝါရီလ ၃ ရက်နေ့နောက်ပိုင်းမှာ ဆူပူမှုများစတင်ဖြစ်ပေါ်လာခဲ့ပြီး အကြမ်းဖက်မှုများအထိဖြစ်ပေါ်လာခဲ့ကာ ၄င်းတို့တပ်ဖွဲ့ဝင်များမှ လုံခြုံရေး၊အုပ်ချုပ်ရေး၊စည်းရုံးရေးနည်းလမ်းများဖြင့်ထိန်းသိမ်းဆောင်ရွက်ခဲ့လို့ယခုအခါ နည်းပါးသွားသည်ကိုတွေ့ရှိရကြောင်း” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။
စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ ဒီမိုကရေစီပြန်လည်ရရှိရေး ငြိမ်းချမ်းစွာဆန္ဒပြသတဲ့ ပြည်သူလူထုကို စစ်ကောင်စီတပ်က အကြမ်းဖက်နည်းလမ်းနဲ့ ကျည်အစစ်များအသုံးပြုပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဖေဖော်ဝါရီနှင့်မတ်လအတွင်းမှာပင် လူပေါင်းရာနှင့်ချီသေဆုံးခဲ့ရပါတယ်။
” ဆန္ဒပြတဲ့သူတွေကို တွေ့တာနဲ့ ဒီလောက်ပစ်သတ်နေတာကို အကုန်မြင်တွေ့နေရတာဘဲ၊ ဘာနည်းလမ်းကိုသုံးလဲဆိုတာပြည်သူတွေအကုန်သိနေတာဘဲလေ။ သူတို့ကိုဆန့်ကျင်တာမှာ အာဏာသိမ်းခါစကလိုမြို့ပေါ်မှာ လက် နက်မဲ့ဆန္ဒပြလို့မရတော့လို့၊ လူငယ်တွေက လက်နက် ကိုင်ဖို့တောထဲဝင်သွားကြတာပါ။ ဒီတိုင်းဆန္ဒပြနေတော့ရောဘာထူးမှာလဲ၊ သူတို့ပစ်သတ်တာနဲ့ဘဲသေနေမှာဘဲလေ။ ဆန္ဒပြပွဲတွေနည်းသွားတာမဟုတ်ဘူး၊ အသေခံဆန္ဒမပြတော့ဘဲ ဒီကောင်တွေနဲ့ သူသတ်ကိုယ်သတ်လက်နက်ကိုင်ဖို့ရွေးသွားတာ။ ခုလည်းအဲ့ဒီရဲ့အကျိုး ဆက်ကိုသူတို့(စစ်ကောင်စီ)ရင်ဆိုင်နေရတာဘဲ” လို့ ရန်ကုန်မြို့က တက်ကြွလှုပ်ရှားသူလူငယ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများအနေနဲ့ လက်ရှိအချိန်ထိ ရန်ကုန်၊မန္တလေး၊မုံရွာစတဲ့မြို့ကြီးတွေအပါ အဝင် နယ်မြို့နဲ့ကျေးလက်ဒေသတွေမှာ သပိတ်စစ်ကြောင်းတွေနဲ့ ဆက်လက်ဆန္ဒပြ တောင်းဆိုမှုတွေအများအပြား ပြုလုပ်နေဆဲဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကပစ်ခတ်သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရသူပေါင်း မနေ့ကထိ ၂၁၁၁ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ထုတ်ပြန်ထားပါတယ်။