
ဧရာဝတီတိုင်းမ်
(မင်းလှ)၊ အောက်တိုဘာလ ၁၅ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားရာမြို့နယ်တွင် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း စစ်ကောင်စီစစ်ကြောင်းများကို အင်အားဖြည့်တင်းသည့် အနေဖြင့် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့ဝင်များကို ခရီးသည်တင်ကားများဖြင့် ခေါ်လာ၍ အင်အားဖြည့်တင်းမှုများပြုလုပ်ကြောင်း သိရသည်။
တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးခြင်းများပြုလုပ်သည့်အခါများတွင် ရန်ကုန်ဘက်မှ လာသည် ဟုယူဆရသည့် ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့များကို ခရီးသည်တင်ကားများဖြင့် တင်ဆောင်လာပြီး ခလရ ၁ တပ်ရင်းအတွင်း အင်အားဖြည့်တင်းခြင်း များပြုလုပ်လေ့ရှိကြောင်းသိရသည်။
“ပြီးခဲ့တဲ့အခေါက်ကဆိုရင် express ကားနှစ်စီးနဲ့ အပြည့်ပါလာတာ။ သူတို့ယူနီဖောင်းတွေက စစ်တပ်ယူဖောင်းလဲမဟုတ်ဘူး။ ရဲလဲမဟုတ်ဘူး။ ပျူစောထီးတွေလို့သိရတာ။ ရန်ကုန်ဘက်ကလာကြတာ။ အဲ့တာကြောင့်လည်း စစ်ကြောင်းထိုးလာရင် ၁၀၀ ဝန်းကျင်လောက်ပါလာကြတာ။ ပျူစောထီးတွေ အများစုပါလို့လဲ တိုက်ပွဲတွေမှာဆို စစ်တပ်ကအင်အားများပြီး သေဆုံးများနေကြတာ။ သူတို့ကတိုက်ရည် ခိုက်ရည်လဲမပြည့်ဝဘူး။ ခံယူချက်နဲ့တိုက်နေတာလဲ မဟုတ်တော့ သေကြတာများတာ” ဟု မင်းလှအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် စစ်ကောင်စီ၏ စစ်ကြောင်းထိုးခြင်းပြီးဆုံးပါက အဆိုပါပြည်သူ့စစ်တပ်ဖွဲ့ ဝင်များမှာ ခရီးသည်တင်ကားများအသုံးပြုကာ ပြန်လည်ထွက်ခွာသွားကြပြီး တိုက်ပွဲများဖြစ်ပွားခြင်း၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်သည့်အခါမှသာ ပြန်လည် လာရောက် အင်အားဖြည့်ခြင်းများ လုပ်ဆောင်ကြကြောင်းသိရသည်။
“စစ်တပ်ကနောက်ပိုင်းကို အင်အားဖြည့်ရင် ခရီးသည်တင်ကားတွေပဲသုံးလာတာ။ စစ်ကားတွေ၊ ဖောကားတွေသုံးရင် မိုင်းဆွဲခံထိမှာစိုးလို့။ ဟိုတလောကလဲ ကျွန်ေတာ်တို့ဘက်မှာ ကားပျက်လို့ပြင်တာ ကားပေါ်ကဆင်းလာတဲ့သူအကုန်လုံးက စစ်တပ်ဆံပင်ကေတွေနဲ့ဆိုပြီး သိရတယ်” ဟု အဆိုပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်လက်ပြောသည်။
ထို့ပြင် သာယာဝတီမြို့နယ်အခြေစိုက် ခလရ ၃၅ တပ်ရင်းတွင်လည်း စစ်ကောင်စီက ခရီးသည်တင်ကားများအသုံးပြုကာ ပြည်သူ့စစ်အင်အားဖြည့်တင်းမှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် ယခုအခါတွင် ယာဉ်တန်းများ မကြာခဏတိုက်ခိုက်ခံရမှုကြောင့် ခရီးသည်တင်ယာဉ်လိုင်းများအသုံးပြုကာ အရပ်ဝတ်များဖြင့်စစ်အင်အားဖြည့် တင်းခြင်း များ ပြုလုပ်လာပြီး ချင်းပြည်နယ်တွင်လည်း ထိုကဲ့သို့စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေသည့်အတွက် ချင်းဒေသခံများမှအပ ပြည်ပခရီးသွားများဝင်ရောက်ခြင်းကို တားမြစ်ကြောင်း ချင်းအမျိုးသားတပ်ဦးက ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဓာတ်ပုံ – ခရီးသည်တင်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေပုံ(ပုံဟောင်း)။
#မင်းလှ #စစ်ကောင်စီ #ခရီးသည်တင်ကား #အင်အားဖြည့် #ပြည်သူ့စစ် #Ayeyarwaddy_Times