
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၅ ရက်
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းတွင် အောက်တိုဘာလ ၉ ရက်နေ့ ကတည်းက စစ်ကောင်စီ နှင့် KIA တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ တပ်က ပိတ်ဆို့ခံထားရသည့်အတွက် ရိက္ခာများကို လေယာဉ်ဖြင့် ပေးပို့နေရပြီး ယင်းရိက္ခာများကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA ) က ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီကျော်တွင် မြစ်ကြီးနား-ဗန်းမော်လမ်း၊ နမ့်ဆန်ယန်၊ အောင်ဂျာ၊ မဒီးယန်နယ်မြေများတွင် ပိတ်ဆို့ခံနေရသည့် စစ်ကောင်စီတပ် များအတွက် လေယာဉ်ပေါ်မှချပေးသည့် ရိက္ခာများကို KIA မှ ရရှိခဲ့ကြောင်း ကချင် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ရိက္ခာနဲ့ ဆေးဝါးထုပ်တွေ လေထီးနဲ့ ၁၂ ထုပ်ချတာ။ ကျွန်တော်တို့ဘက်ကို ၁၁ ထုပ်ကျ လာတယ်။ အတော်များများ ကျွန်တော်တို့သိမ်းယူ လိုက်နိုင်တယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်တစ် ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်သည် ရိက္ခာများကို လာရောက်ပေးပို့ပြီးနောက် တိုက်လေယာဉ်ဖြင့် လိုင်လွမ်အောင်ဂျာစခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုးမောက်မြို့နှင့် ဝိုင်းမော်မြို့နယ်အစပ်ရှိ လိုင်လွမ်အောင်ဂျာစခန်းကို စစ် ကောင်စီတပ်က လက်လွတ်ဆုံးရှုံးခဲ့ရပြီးနောက် အဆိုပါစခန်းကို ပြန်လည်ရရှိရန် အတွက် မြေပြင်စစ်ကြောင်းနှစ်ကြောင်းဖြင့် အင်အားဖြည့်လာသည့်အပြင် လေကြောင်း မှလည်း သုံး ကြိမ်တိုက်ခိုက်ခဲ့သည်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
မြေပြင်တွင် စစ်ကြောင်းမထိုးနိုင်သည့် စစ်ကောင်စီတပ်က ထောက်ပို့လမ်းကြောင်းများ ပိတ်ဆို့ ခံထားရသည့်အတွက် ယခုလို လေကြောင်းမှ လာရောက်ရိက္ခာပို့စဉ် KIA ဘက်မှ ရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်တွင် ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်း အောင်ဂျာရှိ စစ်ရေးအရ အဓိကအရေးပါသည့် စစ်စခန်းတစ်ခုကို ဆုံးရှုံးခဲ့ရသည်။
ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ မုန်လိုင်ခက် စစ်ရှောင် ရွာကိုထိမှန်ခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန် နေခြင်းဖြစ်သည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ-စစ်ကောင်စီတပ် များအတွက် လေယာဉ်ပေါ်မှချပေးသည့် ရိက္ခာများ
#ကချင် #လိုင်လွမ်အောင်ဂျာ #စစ်ကောင်စီ #လေကြောင်း #ရိက္ခာပို့ #KIAရရှိ #Ayeyarwaddy_Times