နွေဦးမောင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်အား အောက်တို့ဘာ (၁၂)ရက်နေ့ည (၉)နာရီကျော်က ဒေသခံများကို အသိမပေးပဲ ဖောက်ချခဲ့သည့်အတွက် ဒေသခံသုံးသောင်းကျော် ရေဘေးကြုံနေရကြောင်း ဒေသခံများထံက သိရသည်။

ဆည်ရေဖောက်ချမှုကြောင့် ဆည်အောက်ဘက်ရှိ သပြေချောင်၊ အင်းတံခါး၊ ဝေါ၊ ဝန်စု၊ အုတ်တိုက်၊ ပန်းကန်စု၊ အုတ်စက်၊ အုတ်ဖို၊ အထက်တောင်ကိုင်းရွာများတွင် ရေဝင်ရောက်မှုကြောင့် ဒေသခံများနှင့် အိမ်မွေးတရိစ္ဆာန်များ ရေလွတ်ရာသို့ ညတွင်းချင်း ရှောင်တိမ်းခဲ့ရကြောင်း ဒေသခံများကပြောသည်။

“ညအချိန်မတော် ထွက်ပြေးကြရတာ အသိပေးတာဘာတစ်ခုမှ မရှိဘူး။ ရွာထဲရေတွေ ဝင်လာမှသိရတာ။ လူတွေအိပ်ချိန် အချိန်မတော်ကြီး ဖောက်ချတာ တမင်လုပ်သလိုပဲ။ ရေမြုတ်တော့မှာ ဆိုးလို့ ရှိတဲ့ နွားတွေဆွဲ ပြီး ပြေးရတယ်” ဟု ရေချောင်းရွာမှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့ကစတင်ကာ မိုးဆက်တိုက်ရွာနေသည့်အတွက် ဆည်ရေအပြင် ဧရာဝတီမြစ်ရေပါ မြင့်တက်နေသည့်အတွက် မတ္တရာမြို့နယ်အတွင်း ရေဘေးကြုံတွေ့နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

၂၀၁၇ ခုနှစ်ကလည်း မတ္တရာမြို့နယ်တွင် ဆည်တော်ကြီးဆည်ရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု များနေပြီး ဆည်ရေများ ဖောက်ချသည့်အတွက် ပဲခူးနှင့် လှည်းကူးတို့တွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရပြီး ရေဘေးကြုံနေသည့် ဒေသခံပြည်သူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

#ပြည်သူများ #အသိမပေးဘဲ #ဆည်ရေဖောက်ချ #မတ္တရာဒေသခံ #၃၀၀၀၀ကျော်ရေဘေးကြုံနေ
#Ayeyarwaddy_Times