“NCA ကို တစာစာပြောနေတဲ့ စစ်ကောင်စီဟာ NCA အစပြုခဲ့တဲ့ လိုင်ဇာကို (၁၀) နှစ်ပြည့်တဲ့ရက်မှာပဲ ဗုံးကြဲခဲ့တာကိုက စစ်ကောင်စီရဲ့ သရုပ်မှန်၊ စစ်အာဏာရှင်ရဲ့ သရုပ်မှန်ကို ပေါ်စေခဲ့တာ ဖြစ်ပါတယ်” (PNFC ဥက္ကဋ္ဌ -ခွန်မြင့်ထွန်း)
တွေ့ဆုံမေးမြန်း-နိုင်မင်းလွင်/ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်- NCA လက်မှတ် ရေးထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်မှာ ကျင်းပဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
ဒါကြောင့် NCA ရဲ့ အခန်းကဏ္ဍ၊ NCA ရဲ့ ဖြစ်တည်မှု၊ လက်ရှိ စစ်ကောင်စီက ပြုလုပ်ဖို့ ကြိုးစားနေတဲ့ NCA (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီးတော့ NCA လက်မှတ် ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ဥက္ကဋ္ဌဟောင်းဖြစ်သူ လက်ရှိ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့် ထွန်းကို ဧရာဝတီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
Ayeyarwaddy Times (AT) – စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ NCA ကို သူတို့ စစ်တပ်ပိုင်တဲ့ စာချုပ်တစ်ခုလို သဘောထားပြီး စစ်ခေါင်းဆောင်က ပြောဆိုနေတာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် NCA ရဲ့ ဖြစ်တည်လာမှုနဲ့ NCA ရဲ့ အခန်းကဏ္ဍက တည်ရှိနေသေးလား ဆိုတာ သိချင်ပါတယ်။
ခွန်မြင့်ထွန်း(Khun) – ကျွန်တော်တို့ တိုင်းပြည်ရဲ့သမိုင်းမှာ ကုလသမဂ္ဂအပါအဝင် ဥရောပသမဂ္ဂ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် ဒီလိုနိုင်ငံတကာ အသိသက်သေတွေနဲ့အတူ နိုင်ငံတကာလူထုရဲ့ ရှေ့မှောက်မှာ၊ ကျွန်တော်တို့ ပြည်တွင်းသက်သေတွေနဲ့အတူ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ ရှေ့မှောက်မှာ ဒီလိုစာချုပ်(NCA) တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ စာချုပ်ရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေပြီးတော့ NCA စာချုပ်ကို ချုပ်ဆိုခဲ့တာ မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တက်လာတဲ့အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကြားမှာ ချုပ်ဆိုတဲ့စာချုပ် ဖြစ်ပါတယ်။
အကယ်၍ အဲဒီကာလက ဦးသိန်းစိန်အစိုးရ မတိုင်ခင်မှာရှိခဲ့တဲ့ စစ်အစိုးရနဲ့ဆိုရင် ဒီစာချုပ်ကို ချုပ်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုရင် စစ်တပ်ကိုယ်တိုင်က ၁/၉၀ ကြေညာချက်ဆိုတာ ထုတ်ပြန်ပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါဘာလဲဆိုရင် စစ်တပ်ဆိုတာ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်ဘူး။ နိုင်ငံရေးအဖွဲ့အစည်း မဟုတ်တဲ့အတွက် ဘယ်သူနဲ့မှ နိုင်ငံရေး မဆွေးနွေးဘူး။ ထိုနည်းတူပဲ စစ်တပ်က ဖွဲ့စည်းလာတဲ့ နဝတအစိုးရကလည်း စစ်အစိုးရဖြစ်တဲ့အတွက်၊ နိုင်ငံရေးအစိုးရ မဟုတ်တဲ့အတွက် ဘယ်သူနဲ့မျှ နိုင်ငံရေးစေ့စပ် ဆွေးနွေးမည် မဟုတ်ပါဆိုတာကို တရားဝင်ကြေညာခဲ့တယ်။ ဒါဟာ စစ်တပ်ကိုယ်တိုင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ NCA ရဲ့ထူးခြားချက်ကတော့ လူထုက တရားဝင်တင်မြှောက်တဲ့ အစိုးရ၊ လူထုက တရားဝင် ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ရှိရမယ်။ ပြီးရင် တပ်မတော်က တရားဝင်တပ်မတော်၊ ပြည်သူလူထုကို ရန်မမူတဲ့တရားဝင် တပ်မတော်ဖြစ်ရမယ်။ ကျွန်တော်တို့ စာချုပ်ချုပ်ဆိုခဲ့တာဟာ လူထုက ရွေးကောက် တင်မြှောက်တဲ့တရားဝင်အစိုးရ၊ လူထုက ရွေးကောက်တင်မြှောက်တဲ့ တရားဝင် လွှတ်တော် အဲဒါနဲ့ ကျွန်တော်တို့၊ လူထုကို ရန်မမူတဲ့ တရားဝင်တပ်မတော်နဲ့ ကျွန်တော်တို့ကြားမှာ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပထမထူးခြားချက်ဖြစ်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ ဒီနိုင်ငံရေး သဘောတူညီချက်တွေကို ဆွေးနွေးတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လည်ပင်းမညှစ်ရဘူး၊ တစ်ယောက်နဲ့တစ်ယောက် အကျေ အလည် ဆွေးနွေးညှိနှိုင်းပြီးတော့မှ နိုင်ငံတကာက အသိသက်သေအပါအဝင် ပြည်တွင်းပြည်ပက အသိသက်သေတွေရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီစာချုပ်ကို ပိုင်ဆိုင်တာ joint ownership (ပူးတွဲပိုင်ဆိုင်) ဖြစ်ပါတယ်။ အစိုးရနဲ့ စာချုပ်ကို လက်မှတ်ရေးထိုးတဲ့ ကျွန်တော်တို့ကြားမှာ joint ownership ဖြစ်ပါတယ်။ joint ownership ဖြစ်တဲ့အတွက် တန်းတူညီတူရှိရမယ်။ ဒီစာချုပ်ကို ပူးတွဲလက်မှတ်ရေးထိုးတဲ့သူတွေဟာ ဒီစာချုပ်ကို ပိုင်ဆိုင်ကြတဲ့ သူတွေဖြစ်တယ်။
စစ်တပ်က သူပိုင်စာချုပ်လို လုပ်နေတယ်ဆိုတာမျိုးကတော့ လုံးဝလုပ်လို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။ နောက် တစ်ခုက ဒီကနေ့ NCA နဲ့ ပတ်သက်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေပေါ့နော်။ တကယ့်တကယ်တော့ ဒီကနေ့စစ်တပ်က လုပ်နေတာတွေဟာ NCA ကို အကောင်အထည်ဖော်နေတာ မဟုတ်ပါဘူး။ NCA နဲ့လည်း မပတ်သက်ပါဘူး။ ဘာကြောင့်လဲဆိုရင် အခုသူတို့ လုပ်နေတာက တစ်ဖွဲ့ချင်းကို ခေါ်ပြီးတော့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တစ်ဖွဲ့ချင်းခေါ်တယ်။ ခေါ်ပြီးတော့မှ သဘောတူညီချက်တွေ လုပ်တယ်၊ လုပ်ပြီးမှ ပြန်တွေ့တာဖြစ်ပါတယ်။
ဒါကို NCA ခေါင်းစဉ်နဲ့ ထပ်ပြီးတော့ ဆွေးနွေးနေတယ်။ နာမည်တပ်ပြီး ကြေညာနေ ပေမဲ့လို့ တကယ့်တကယ်တော့ အခုသွားတွေ့နေကြတာဟာ NCA ကို ထိုးတဲ့လူလည်း ပါတယ်။ NCA ကို မထိုးတဲ့လူလည်း ပါတယ်။ ဒါကြောင့်မို့ NCA အရ မဟုတ်ဘူးလို့ တိတိ ကျကျပြောနိုင်ပါတယ်။ အခုသွားတွေ့နေကြတာကတော့ NAC မတိုင်ခင်မှာ လက်မှတ်ရေး ထိုးထားတဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူစာချုပ်တွေ ရှိကြပါတယ်။ အဲဒီစာချုပ်တွေအရ၊ နှစ်ဖက်သဘောတူညီချက်အရ၊ ရေးထိုးထားတဲ့ စာချုပ်တွေအရ သွားပြီးတွေ့နေကြတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာဟာ NCA ကို အခြေခံပြီး ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ NCA မှာ ဘာပါလဲဆိုရင် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်မယ်၊ အဲဒီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် တဲ့အခါမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပဲလားဆိုတော့ မဟုတ်ပါဘူး။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ဆိုတဲ့ အစိုးရဘက်အခြမ်းမှာရှိနေတဲ့ ပြည်ထောင်ဘက်အချင်းချင်းတွေကြားမှာလည်း သူက နိုင်ငံရေးပြဿနာတွေရှိလာရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာဖြစ်တယ်။
အခုကတော့ စစ်တပ်က အာဏာသိမ်းခဲ့တယ်ဆိုတာဟာ ပြည်ထောင်ဘက်ဖြစ်တဲ့ အစိုးရအပေါ်မှာ သစ္စာဖောက်ခဲ့သလို NCA ကိုလဲ ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ပြည်သူကို ရန်သူလို့ သတ်မှတ်တဲ့ စစ်တပ်ကို လူထုကလည်း လူထုရန်သူအနေနဲ့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ စစ်တပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တရားဝင် တပ်မတော် မဟုတ်တော့ပါဘူး။ တရားဝင် တပ်မတော်တစ်ရပ် မဟုတ်တော့ တဲ့အတွက် NCA ကိုလည်း အကောင်အထည်ဖော်ခွင့်၊ ဆောင်ရွက်ခွင့်မရှိတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။
AT – ဟုတ်ကဲ့ အာဏာသိမ်း စစ်ကောင်စီဟာ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ချမှတ်ထားပြီး အဲဒီထဲက နံပါတ် ၃ အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်ရေးအတွက် NCA သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ အဲဒီအပေါ်မှာ EROs တွေရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။ လုပ်ဆောင်နိုင်တယ်လို့ကော ယူဆပါသလား။
Khun – NCA က ကျွန်တော်တို့ တိုင်းပြည်မှာ တိုးတက်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့ NCA ကိုအကောင်အထည်ဖော်လို့ မရတော့ပါဘူး။ NCA စာချုပ်က စာချုပ်အတိုင်းပဲ ရှိနေတာဖြစ်ပါတယ်။ ဘာလို့ အကောင်အထည် ဖော်လို့မရတော့လဲဆိုရင် NCA ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ NCA ကို အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်စောစောက တင်ပြသလို လူထုကရွေးတဲ့ တရားဝင် အစိုးရ၊ တရားဝင် လွှတ်တော်ရှိရမယ်၊ စစ်တပ်ကလည်း တရားဝင် တပ်မတော်ဖြစ်ရမယ်။ ဒီကနေ့ စစ်တပ်က ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ရမဲ့အပြင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာ ဖြစ်တဲ့အတွက် စစ်တပ်ကလည်း တရားဝင် တပ်မတော်မဟုတ်တော့ဘူး။ အဲဒီအချက်တွေ မရှိတော့တဲ့အတွက် NCA ကို အကောင်အထည်ဖော်လို့ မရတော့ဘူး။
စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ နွေဦးတော်လှန်ရေး ပေါ်ပေါက် လာတယ်။ ပေါ်ပေါက်လာတဲ့အခါမှာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဖြေရှင်းဖို့ဆိုရင် Stakeholders ပါဝင်ပတ်သက်သူတွေ အများအပြားလည်း ပေါ်လာပါတယ်။ ဒါကြောင့်မို့လို့ ခုနလို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒီစစ်တပ်နဲ့အကြား၊ အစိုးရအကြားတင် မဟုတ်တော့ဘူး။ ပိုမို ကျယ်ပြန့်တဲ့ အခင်းအကျင်းကို ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘာလဲဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင် အထည်ဖော်မယ်ဆိုရင် NCA ရဲ့အခြေခံမှာက လူထုပါရမှာ ဖြစ်ပါတယ်။ ဒီနေ့ဖော်ဆောင်နေတဲ့ စစ်တပ်က လုပ်နေတဲ့အတုအယောင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုမပါပါဘူး။ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ တစ်ဖွဲ့ချင်း တိုးတိုး တိတ်တိတ် ကြိတ်ပြီးတွေ့ကြတယ်။ ဘာတွေတွေ့တယ်ဆိုတာလည်း ဘယ်မှာမှ ထုတ်ပြန်တာလည်း မရှိပါဘူး။ တိုးတိုးတိတ်တိတ် တွေ့ကြပြီး ဆုံးဖြတ်နေကြတာမျိုးပါ။
ဒါဟာ NCA စာချုပ်အရ သွားတွေ့နေကြတာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ နှစ်ဖက်သဘောတူညီချက် (Bilateral agreement) NCA မတိုင်ခင် ရေးထိုးထားခဲ့တဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သဘောတူစာချုပ်တွေနဲ့ သွားပြီးတော့ တစ်ဖွဲ့ချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကနေ့ ဆွေးနွေးနေတဲ့ ပုံစံတွေရော၊ ပြုမူဆောင်ရွက်နေတာတွေရော၊ ဆုံးဖြတ်ချက်ချတာတွေကတော့ NCA နဲ့ မဆိုင်ပါဘူး။ သို့သော်လည်းပဲ နိုင်ငံတကာနဲ့ ပြည်သူလူထုကို မျက်လှည့်ပြချင်တဲ့အတွက် NCA အရ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည်ဖော်နေပါတယ်လို့ စစ်ကောင်စီက ကြွေးကြော်နေတာ ဖြစ်ပါတယ်။ တကယ့်တကယ်မှာတော့ စစ်ကောင်စီမှာ NCA ကို အကောင်အထည်ဖော်ခွင့်မရှိပါဘူး။ ထို့နည်းတူပဲ ဖော်ဆောင်နေတာကလဲ NCA အရ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ အခိုင်အမာပြောနိုင်ပါတယ်။ နောက်တစ်ချက်က NCA ဟာ စာချုပ်အတိုင်း တည်ရှိနေသော်လည်း အကောင်အထည်ဖော်လို့ မရတော့တဲ့ စာချုပ်တစ်ရပ်ဖြစ်ပါတယ်။
AT – NCA စာချုပ်ပြီးနောက် NCA လက်မှတ်ထိုးအဖွဲ့တွေ သဘောတူညီခဲ့တဲ့ ပြည်ထောင်စု သဘောတူစာချုပ်အတွက် အစိတ်အပိုင်း ၁၊ ၂၊ ၃ ဆိုတာတွေ လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ EROs တွေ၊ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်တယ်လို သိထားပါတယ်။ အခုအခါမှာတော့ ပြည်သူက ရွေးချယ်တင်မြှောက်ပြီး တရားဝင်ခန့်အပ်ထားခြင်းမရှိတဲ့ စစ်ကောင်စီဟာ အားလုံးပါဝင်မှုမရှိဘဲ အဲဒီအရာတွေ လုပ်ဆောင်နိုင်မယ်လို့ ထင်ပါသလား။
Khun – ဒီကနေ့ စစ်တပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တရားဝင် တပ်မတော် မဟုတ်တဲ့၊ လူထုရဲ့ ရန်သူဖြစ်တဲ့ အစုအဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ ကျွန်တော်တို့ဟာ တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တယ်၊ ကျွန်တော်တို့ တကယ်ဖြစ်ချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ချင်တယ်ဆိုရင် စစ်အုပ်စုနဲ့ ဒီစစ်အာဏာရှင်စနစ်ကို ဖြိုချလိုက်ရုံကလွဲပြီး တခြားမရှိပါဘူး။ ဒါကို ဒီကနေ့ စစ်ကောင်စီဟာ မလုပ်အပ်တဲ့အရာ၊ လုပ်ခွင့်မရှိတဲ့အရာကို လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီအပေါ်မှာတော့ ကျွန်တော်တို့ဟာ အသိအမှတ်ပြုလို့ မရပါဘူး။
ထို့နည်းတူပဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ကျွန်တော်တို့ တိုင်းပြည်မှာ အမည်နာမ အမျိုးမျိုးတပ်ပြီး လုပ်ခဲ့ကြတယ်။ ပြည်သူလူထုမပါတဲ့အတွက် အောင်မြင်မှုတွေ မရခဲ့ပါဘူး။ ဒီကနေ့လဲ ထို့နည်းတူပဲ စစ်ကောင်စီက လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြည်သူလူထု ပါဝင်ခွင့်မရှိတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ဖွဲ့ချင်းနဲ့ပဲ သီးသန့်တွေ့ကြတာ ဖြစ်ပါတယ်။
ဟိုအရင်ကာလက NCA စာချုပ်ကို ရေးဆွဲစဉ်တုန်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စုပေါင်းပြီးတော့ ဆွေးနွေးကြတယ်။ စုပေါင်းပြီးတော့ ပြင်ဆင်ကြတယ်။ ဒါပေမဲ့ ဒီနေ့အခါမှာ အဲ့ဒီအခွင့်အလမ်း မရှိပါဘူး။ တစ်ဖွဲ့ချင်းပဲ သွားပြီးတော့ ဆွေးနွေးကြရတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘာလဲဆိုရင် NCA အရက နိုင်ငံရေးသဘောတူညီချက် အရင်ရဖို့လိုပါတယ်။ နိုင်ငံရေးသဘောတူညီချက် အရင်ရယူပြီးမှ ဖွဲ့စည်းပုံကို ပြင်မယ်ပြောင်းမယ်၊ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဓိကက နိုင်ငံရေးသဘောတူညီချက်ကို အရင်ယူရမှာ ဖြစ်ပါတယ်။
အခုကတော့ နိုင်ငံရေးသဘောတူညီချက်ကို မယူပဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွေက ပုဒ်မတွေကိုသွားပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ အဲဒါက NCA နဲ့ မဆိုင်ပါဘူး။ NCA ရဲ့သဘာဝနဲ့ မဆိုင်ပါဘူး။ NCA ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာကျွန်တော်တို့ လက်မှတ်ရေးထိုးခဲ့တာ မဟုတ်ပါဘူး။
AT- အာဏာသိမ်း စစ်ကောင်စီက NCA (၈)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပဖို့ လုပ်ဆောင်နေပါတယ်။ ဒါကို လုပ်ဆောင်ခွင့် ရှိပါသလား။
Khun – ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့အကြီးဆုံးသော ပြဿနာကတော့ ဒီစစ်အုပ်စုကနေပြီးတော့ စစ်အာဏာရှင်စနစ်နဲ့တိုင်းပြည်ကိုပိုပြီးတော့ ကျယ်ကျယ် ပြန့်ပြန့် ခိုင်ခိုင်မာမာ ကိုင်တွယ်နိုင်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲလို လုပ်တဲ့အတွက်လည်း ပြည်သူတစ်ရပ်လုံးကနေပြီးတော့ စစ်အုပ်စုနဲ့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်နေကြတဲ့ အချိန်အခါဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုနဲ့က မူတစ်ထပ်တည်း တူပါတယ်။ အဲဒါဘာလဲဆိုရင် ကျွန်တော်တို့ တစ်ပြည်လုံးအတွက်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရမယ်။ အမျိုးသားတစ်ရပ်ချင်းရဲ့ အကျိုးစီးပွား အတွက်လည်း ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့ထူထောင်ကြရမှာ ဖြစ်ပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့အတွက်ရှင်းတယ်။
စစ်အုပ်စုရဲ့ မူကတော့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာ ထူထောင်မှာ ဖြစ်ပါတယ်။ အဲတော့ဒီနေ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုက မူတူသော်လည်းပဲ စစ်တပ်နဲ့ကတော့ ဘယ်သူနဲ့မှ မူမတူပါဘူး။ ဒါကတော့ အဓိကကွာခြားချက် ဖြစ်ပါတယ်။ နောက်တစ်ခါ ဒီကနေ့ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်မှုမျိုးနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ တကယ်တော့ လိုင်ဇာဒေသဟာ NCA ကို အစပြုခဲ့တဲ့နေရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၁၀)နှစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ လိုင်ဇာညီလာခံကြီးကို ကျင်းပခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြတယ်။ ကျွန်တော်တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ တက်ရောက်ပြီးတော့မှ NCA ကို ရေးဆွဲဖို့ အလုပ်အဖွဲ့ကို အဲ့ဒီမှာစတင်ပြီး ဖွဲ့စည်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီတော့ NCA ကို တစာစာပြောနေတဲ့ စစ်ကောင်စီဟာ NCA အစပြုခဲ့တဲ့ လိုင်ဇာကို (၁၀)နှစ်ပြည့်တဲ့ရက်မှာ ဒီလိုဗုံးကြဲခဲ့တာကိုက စစ်ကောင်စီရဲ့ သရုပ်မှန်၊ စစ်အာဏာရှင်ရဲ့သရုပ်မှန်ကို ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုစစ်ကောင်စီအနေနဲ့က NCA ကို အကောင်အထည်ဖော်ခွင့် မရှိသလို NCA အခမ်းအနားကို ကျင်းပလို့လည်းပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက ရနိုင်မှာမဟုတ်ဘူး။ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အတုအယောင် ပြည်ထောင်စုကို စစ်အာဏာရှင်စနစ်နဲ့ထူထောင်ဖို့ကြိုးပမ်းချက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခမ်းအနားကိုလည်းပဲ စစ်ကောင်စီကို မလွန်ဆန်နိုင်တဲ့ သူတွေကလွဲလို့ အခြားသူတွေက တက်ရောက်ကြမှာမဟုတ်ဘူးလို့ ကျွန်တော်တော့ ဒီလိုမြင်ပါတယ်။
AT – NCA နဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေကလည်း ရှိနေပြန်တော့ စစ်ကောင်စီ လုပ်ဆောင်နေတဲ့ NCA ဟာ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော အဖြေလား။ စစ်ကောင်စီရဲ့ လုပ်ရပ် အပေါ် ဘယ်လိုရှုမြင်မိပါသလဲ။
Khun – NCA ကတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်လို့တော့ ပြောလို့မရဘူး။ သို့သော်လည်းပဲ NCA ကတော့ သူ့ခေတ်သူ့ကာလမှာ နိုင်ငံရေးအရ အမြင့်ဆုံးရရှိထားတဲ့ ရလဒ်တစ်ခု၊ စာချုပ်တစ်ခုအနေနဲ့ ရှိခဲ့ပါတယ်။ အဲ့တော့ စာချုပ်ကတော့ စာချုပ်အတိုင်း ရှိနေမှာဖြစ်ပါတယ်။ ထို့နည်းတူပဲ NCA စာချုပ်ကိုတော့ အကောင်ထည်ဖော်လို့ မရတော့ပါဘူး။ စောစောက ကျွန်တော်ထပ်ခါထပ်ခါ တင်ပြခဲ့သလို NCA ကိုအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အခင်းအကျင်းတွေ မရှိတော့ဘူး။ သို့သော်လည်း NCA ရဲ့ အနှစ်သာရတွေကတော့ ရှိပါတယ်။ အဲဒါတွေက ဘာလဲဆိုရင် ကျွန်တော်တို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မယ်။ အဲဒီ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ဖို့အတွက် ကျွန်တော်တို့အချင်းချင်း တွေ ကြားမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဖြေရှင်းကြရမယ်။
ပြီးရင် အဲဒီကာလအတွင်းမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်ပေးရမယ်။ နှစ်ဖက်စလုံးက ကာကွယ်စောက်ရှောက်ပေးရမယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရေရှည်တည်တံ့ မခိုင်မြဲဘူးဆိုရင်တော့ ဖော်ဆောင်တဲ့ ငြိမ်ချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထုက ပါဝင်ခွင့်ရှိရမယ်။ ဒီအခြေခံအချက်တွေကတော့ NCA ရဲ့အနှစ်သာရတွေ ဖြစ်ပါတယ်။ ဒီ NCA ရဲ့ အနှစ်သာရတွေကတော့ ဆက်လက်ပြီးတော့ ဆွဲကိုင်သွားရမှာဖြစ်တယ်။
သို့သော်လည်း လက်ရှိပြဌာန်းထားတဲ့ NCA ရဲ့ စာချုပ်ပါအတိုင်း NCA က သတ်မှတ်ထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေအတိုင်း အကောင် အထည် ဖော်လို့တော့ မရတော့ပါဘူး။ သို့သော် ခုနက ကျွန်တော်တင်ပြခဲ့တဲ့ အနှစ်သာရ တွေကိုအခြေခံပြီးတော့မှ ပိုမိုကျယ်ပြန့်တဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးသဘောတူညီချက်တွေ ရယူပြီးတော့ ဖြေရှင်းဖို့ကတော့ လိုအပ် ပါတယ်။
AT – NUG အပါအဝင် တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီနဲ့ တွေဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်ပြောဆိုထားတော့ အင်အားစုတွေ မပါဝင်ဘဲ ငြိမ်းချမ်း ရေးကိစ္စတွေ ဆောင်ရွက်နိုင်မလား။ NCA လမ်းကြောင်းဟာ အသုံး ဝင်နိုင်ဦးမလား။
Khun – စစ်ကောင်စီကို ဗဟိုပြုပြီးတော့ စဉ်းစားတာမျိုး ဖြစ်နေတယ်ပေါ့လေ။ တကယ်တော့ စစ်ကောင်စီဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ဗဟိုပြုရမဲ့အရာ မဟုတ်တော့ဘူး။ စစ်ကောင်စီနဲ့ စစ်တပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ရန်သူဖြစ်သွားပြီပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ အခုကျွန်တော်တို့စဉ်းစားရမှာက စစ်ကောင်စီနဲ့ စစ်အာဏာရှင်စနစ်ကို ဗဟိုမပြုဘဲနဲ့ ပြည်သူလူထုရဲ့ သဘောဆန္ဒကိုပဲ ဗဟိုပြုပြီးတော့ လုပ်ရမဲ့လုပ်ငန်းစဉ်တွေ ချမှတ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်အခုပြောချင်တာကတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြောင်းလဲ သွားတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်မှာရှိတဲ့ သက်ဆိုင်သူတွေကြားမှာ နိုင်ငံရေး ဆွေးနွေးမှု၊ ညှိနှိုင်းမှုတွေလုပ်ရမယ်။ အဲဒီထဲမှာ စစ်ကောင်စီနဲ့စစ်အာဏာရှင်စနစ်တော့ မပါပါဘူး။ သူ့ကိုလည်း ဗဟိုပြုလို့မရပါဘူး။
AT – စစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် NCA ကိစ္စတွေ ပြောဆိုနေပေမယ့် တစ်ဖက်မှာ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုလုပ်ဆောင်လာတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။ သုံးသပ် ပေးပါဦး။
Khun – ကျွန်တော်တို့ ဒီကနေ့ ကမ္ဘာကြီးက စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်တွေကို လက်မခံတော့ပါဘူး။ နိုင်ငံတကာအနေနဲ့က ဒီကနေ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို အားပေးလို့လည်းမရဘူး၊ ထောက်ခံလို့လည်းမရဘူး။ စစ်ကောင်စီဟာ ဒီကနေ့အထိ နိုင်ငံတကာရဲ့ နိုင်ငံရေးအသိအမှတ်ပြုမှုကို မရပါဘူး။ အချို့သော လက်တစ်ဆုပ်စာ နိုင်ငံအချို့ကလွဲလို့ တစ်ကမ္ဘာလုံးကလည်း စစ်ကောင်စီကို အသိအမှတ်မပြုကြပါဘူး။
ဒါကြောင့်မို့လို့ နိုင်ငံတကာက မိသားစုတွေကရော၊ ပြည်တွင်းပြည်သူတွေကရော စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံတကာအင်အားစုအနေနဲ့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှု၊ ပံ့ပိုးမှုတွေကို လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ ပန်ကြားချင်ပါတယ်။
ဒီကနေ့ တော်လှန်ရေးက အောင်ကိုအောင်မြင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြည်သူလူထုက ကိုယ့်ရဲ့အရင်းအမြစ်နဲ့ ကိုယ့်အသက်ကိုယ်စွန့်ပြီး ဒီတိုက်ပွဲကို ဆင်နွှဲနေကြတာဖြစ်တယ်။ အဲတော့ တောင့်ခံထားနိုင်ဖို့ လိုပါတယ်။ တောင့်ခံထားနိုင်ရင် မကြာခင်ကာလမှာ စစ်အာဏာရှင်စနစ်နဲ့အတူ စစ်အုပ်စုဟာ ပြိုကွဲကျရှုံးသွားမှာ ဖြစ်ပါတယ်။
AT – လက်ရှိ စစ်ကောင်စီနဲ့ ဆွေးနွေးနေတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်မိပါသလဲ။ ဥပမာ-PPST လို အဖွဲ့အစည်းမှာ EROs အချို့က စစ်ကောင်စီနဲ့ ဆက်လက် ဆွေးနွေးနေတာကို တွေ့ရတဲ့အတွက် ဆရာခွန်းမြင့်ထွန်းရဲ့ အမြင်သုံးသပ်ချက်လေး သိပါရစေ။
Khun – အထူးအားဖြင့်တော့ အခုသွားနေတဲ့ အဖွဲ့တွေက NCA လမ်းကြောင်းအရ သွားနေကြတာ မဟုတ်ဘူးဆိုတာ သူတို့ကိုယ်တိုင် သိပါတယ်။ အခုသူတို့က သွားနေတာသည် NCA လမ်းကြောင်းအရ မဟုတ်ဘူး။ မိမိတို့ အဖွဲ့အစည်းနဲ့ အစိုးကြားမှာ ချုပ်ဆိုခဲ့တဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စာချုပ်တွေအရ မလွှဲမရှောင်သာ မလွန်ဆန်နိုင်လို့သာ သွားနေရတယ်ဆိုတာ သူတို့ကိုယ်တိုင်လည်း သိပါတယ်။
ဒါကြောင့်မလို့ အခုသွားနေတာကတော့ စစ်ကောင်စီကို မလွန်ဆန်သာလို့၊ မလွှဲမရှောင်သာလို့ သွားနေကြတာတွေပဲလို့ ကျွန်တော်ထပ်မံ တင်ပြလိုပါတယ်။
AT – အခြားဖြည့်စွက် ပြောလိုတာများ ရှိဦးမလားခင်ဗျာ။
Khun – ဟုတ်ကဲ့ မရှိတော့ပါဘူး။
AT – ဟုတ်ကဲ့ အခုလိုအချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Khun – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။