
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
စစ်တက္ကသိုလ်တွင် တာ၀န်ထမ်းဆောင်နေသော ဗိုလ်မှူးများကို စစ်ကောင်စီက ရာထူးတိုးပေးသော်လည်း အရာရှိ ခြောက်ဦး မှာ တပ်မှထွက်ပြေးသွားကြောင်း သိရသည်။
ပြင်ဦးလွင်စစ်တက္ကသိုလ် ရှိ ဗိုလ်မှူးများကို ဒုတိ ယဗိုလ်မှူးကြီးအဆင့်အထိ ရာထူးတိုးပေးခဲ့သော်လည်း စာပေဌာနမှ ဒုဗိုလ်မှူးကြီး ဌေးခိုင်အပါအ၀င် အခြားဌာနမှ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ခြောက် ဦးတို့မှာ စစ်တက္ကသိုလ်မှ ထွက်ပြေးသွားကြောင်း ဗိုလ်လောင်းသင်တန်းနှင့် နီးစပ်သည့် တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
ဒုတိယဗိုလ်မှူးကြီး ဌေးခိုင်၏မိသားစုများသည် ယခု စစ်ရေးပြင်းထန်နေသော စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် နေထိုင်ကြပြီး စစ်ကောင်စီက စစ်ကြောင်းထိုးရာတွင် ၎င်းမိသားစု၏ နေအိမ်ကိုပါဖျက် ဆီးခံရပြီး ပိုင်ဆိုင်မှုများကိုပါ လုယက်ခံရသည့်အတွက် ဒုဗိုလ်မှူးကြီးဌေးခိုင်သည် ခွင့်ယူသည်ဟု အကြောင်းပြပြီး တပ်မှထွက်ပြေးခြင်းဖြစ်ကြောင်း သိရသည်။
“တပ်ကထွက်ပြေးတာက လေ့ကျင့်ရေးဌာနက အရာရှိ နှစ်ဦး၊ စာပေဌာနက အရာရှိနှစ်ဦး၊ ဘွဲ့လွန်သင်တန်းက အရာရှိနှစ်ဦး အားလုံး ခြောက် ဦးထွက်ပြေးသွားတာ။ အခုကထွက်ပြေးတဲ့သူတွေများတော့ အထောင်းခံနေ ရတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်တက္ကသိုလ်၌ အရာရှိများအပြင် သင်တန်းသား ဗိုလ်လောင်းများပါ အစုလိုက်ထွက်ပြေးနေ ကြောင်း သိရသည်။ ပြီးခဲ့သည့် လပိုင်းကလည်း အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ အရာရှိစစ်ဗိုလ်များနှင့် တပ်ရင်းမှူးများအထိ ရှေ့တန်းသို့မထွက်လိုသည့် အတွက် ခွင့်မဲ့ပျက်ကွက်ပြုလုပ်ကာ ထွက်ပြေးကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းများသည် နိုင်ငံအနှံရှိ ကျေးရွာများကို လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူ ပိုင်ပစ္စည်းများခိုးယူခြင်း၊ လုယက်ခြင်း၊ မီးရှို့ဖျက် ဆီးခြင်းနှင့် ပြည်သူများကို ဖမ်းဆီးနှိပ်စက်မှုများကို ပြုလုပ်နေသည့်အတွက် ပြည်သူလူထု၏ ရွံရှာမုန်းတီးမှုကို ခံနေရသည့်အပြင် တော်လှန်ရေး အင်အားစုများကလည်းပြင်းပြင်းထန်ထန် ခုခံတော်လှန်နေကြသောကြောင့် တပ်တွင်းမှ အရာရှိများအပါအဝင် ထွက်ပြေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
ဓာတ်ပုံ-ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြင်ဦးလွင်စစ်တက္ကသိုလ်သို့ရောက်ရှိစဥ် (ပုံဟောင်း)
#စစ်တက္ကသိုလ် #DSAအရာရှိ #ဒုဗိုလ်မှူးကြီး #တပ်ပြေး #Ayeyarwaddy_Times