
ဧရာဝတီတိုင်းမ်
(ဖြူး)၊ အောက်တိုဘာလ ၁၃ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြက်နီကွင်းကျေးရွာ နှင့် ကံကလေး-ပေါက်ကုန်းရွာကြားလမ်းပိုင်းတစ်နေရာကို ယမန်နေ့အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ထပ်မံဖျက်ဆီးရန်ကြိုးစားစဉ် တော်လှန်ရေးတပ်ဖွဲ့များ က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါလမ်းပိုင်းကို ပထမအကြိမ် မြေတူးစက်များဖြင့် တူးဖော် ဖျက်ဆီးထားခဲ့သည့်အတွက် မြက်နီကွင်း၊ ကံကလေးဆရာတော်တို့မှ ဦးဆောင်၍ လမ်းကိုပြုပြင်ခဲ့ပြီးနောက် နောက်တစ်ကြိမ်ထပ်မံ၍ လာရောက်ဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရသည်။
“ထိခိုက်မှုကတော့ မရှိပါဘူး။ လမ်းကိုလာပြန်ဖျက်တာက စစ်တပ်ကခိုင်းတာ။ ကားသမားတွေကတော့ ထွက်ပြေးသွားတယ်။ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကားမောင်းသမားများထွက်ပြေးသွားသည့်အတွက် ကျန်ခဲ့သည့် ဘတ်ဟိုးကားကို တော်လှန်ရေးတပ်ဖွဲ့များက ယူဆောင်ခဲ့စဉ် လမ်းချော်၍ဘတ်ဟိုးပြုတ်ကျခဲ့သည့် အတွက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကြူအင်းရွာတွင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ထိတွေ့တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် ညောင်လေးပင်ခရိုင် အတွင်း ဒေသခံများအသုံးပြုနေသည့်လမ်းပိုင်းအများစုကို မြေတူးစက်များဖြင့် တူးဖော် ဖျက်ဆီးထားပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ပုဇွန်မြောင်းရွာ အနီးလမ်းဖျက်ဆီးရန်လာသည့် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးနှင့်အထက်သေဆုံးပြီး ဘတ်ဟိုးတစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့ (သိမ်းဆည်းရမိခဲ့သည့်ကားနှင့် ဒေသခံများလမ်းပြုပြင်နေပုံ)
#ဖြူး #လမ်းပိုင်းထပ်မံဖျက်ဆီး #စစ်ကောင်စီ #မြေတူးစက် #မီးရှို့ဖျက်ဆီး #Ayeyarwaddy_Times