နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယခုရက်ပိုင်းအတွင်း စစ်ဘက်ဆိုင်ရာ ခရီးစဉ်များ နေ့စဉ်သွားလာနေမှုသည် နည်းနည်းထူးဆန်းသလို စဉ်းစားစရာဖြစ်မိကြောင်းCDM အရာရှိများက ထောက်ပြပြောဆိုသည်။

စစ်အာဏာသိမ်းကာလ ကြာမြင့်လာသည်နှင့်အမျှ စစ်ရေး၊ နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံ ဖိအားပေးခံရပြီး ရှုံးနိမ့်မှုများလာသော စစ်ကောင်စီသည် တပ်တွင်း အပြောင်းအလဲများ၊ လူဖမ်းပွဲများ ပိုမိုပြုလုပ်လာချိန်တွင် ယခုပထမအပတ်အတွင်း စစ်ခေါင်းဆောင်အစား ဒုစစ်ခေါင်းဆောင်က ရုပ်ထွက်များလာခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် သတင်းစာများအရ သိရသည်။

ဒုစစ်ခေါင်းဆောင်သည် ယခုလ အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိ (၅၉)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ အခမ်းအနားအပါအဝင် စစ်ဘက်ဆိုင်ရာ ခရီးစဉ်များဖြစ်သည့် ပြင်ဦးလွင် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၆၆)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၂၆) စစ်လက်ရုံးရွေးချယ်ပွဲတို့ကို သွားရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြင်ဦးလွင်တပ်နယ်ရှိ သင်တန်းသား အရာရှိများ၊ နည်းပြအရာရှိများနှင့် မိသားစုများအပြင် စစ်တက္ကသိုလ် နည်းပြအရာရှိများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား ဗိုလ်လောင်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်လက်ရုံး​ ရွေးချယ်ပွဲများကို ယခင်နှစ်များက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် လူပုဂ္ဂိုလ် စုံစုံညီညီဖြင့် သွားရောက်ရွေးချယ်ခဲ့ပြီး ထမင်းအတူတူ စားသောက်ခဲ့သော်လည်း ယခုနှစ်တွင် ဒုစစ်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်ခြင်းသည် အနည်းငယ် ထူးဆန်းနေကြောင်းCDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“ဒီနှစ်မှာ ဒုချုပ်ကို လွှတ်တယ်ဆိုတော့ ကျွန်တော်ထင်တယ်ဗျ၊ မင်းအောင်လှိုင်က ဒီအရင် ဦးသန်းရွှေတို့လိုပေါ့နော်။ နိုင်ငံရေးဘက်ကို သူကလုပ်ပြီးတော့ စစ်ရေးကိစ္စတွေကို (ဒု-ဗိုလ်ချုပ်မှူးကြီး) စိုးဝင်းကို ရတိပြတ် ပေးထားတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ စိုးဝင်းကို စစ်ရေးဆိုင်ရာ တိုက်ပွဲတွေရော၊ စည်းရုံးရေးတွေရော ကောင်းကောင်းကြီး စီမံခြယ်လှယ်ခွင့်၊ လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ကျွန်တော်မြင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ခေါင်းဆောင်သည်NCA ကို အကြောင်းပြ၍ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမှုရှိသောKNU ဥက္ကဋ္ဌဟောင်း မူတူးစေးဖိုး၊ ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ ပဒိုရွှေမောင်းတို့ကို နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီးနောက် လူမြင်ကွင်းမှ ပျောက်သွားခဲ့သည်။

“ပြောရမယ်ဆိုရင် မကြာခင် ထိုင်းမှာကျင်းပမဲ့ BIMSTEC (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်သွားဖို့ပြင်ဆင်နေတယ်။ သူက နိုင်ငံတကာနဲ့ နိုင်ငံရေးရာတွေကိုစိတ်ဝင်စားပြီးတော့ စိုးဝင်းကို သူ မကြုံစဖူးပေါ့နော်။ တပ်ချုပ်များ ပေးပြီးတော့ သူက သမ္မတများ လုပ်ချင်လို့လားပေါ့နော်။ ဒီလိုပဲ ကျနော်ကတော့ မြင်တယ်ဗျ“ ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

လာမည့် နိုဝင်ဘာ ၃၀ ရက်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် BIMSTEC ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် စစ်ခေါင်းဆောင်ကို ဖိတ်ကြားထားပြီး ထိုအတွက် ဝေဖန်ပြစ်တင်မှုများလည်း ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

“မင်းအောင်လှိုင်အနေနဲ့ သူမတက်နိုင်တဲ့ ပွဲမျိုးကို သူ့ကိုယ်စား လွှတ်တာတွေလည်း အရင်ကတည်းရှိတယ်ပေါ့။ ဒါပေမဲ့ လက်ရှိအခြေအနေအရ စိုးဝင်းကို ပွဲထုတ်တာများလာတာကိုတော့ စဉ်းစားစရာ ဖြစ်တာပေါ့နော်။ ကျွန်တော့်အထင်တော့ နှစ်ချက်ရှိတယ် ပထမအချက်က မင်းအောင်လှိုင်အနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲ အကျပ်အတည်းပေါင်းစုံကို ဖြေရှင်းဖို့ကြိုးစားနေတာနဲ့တင် အခြားဟန်ပြအလုပ်တွေ၊ လုပ်နေကျ အလုပ်တွေအတွက် သူအချိန်မပေးနိုင်တော့ဘူးပေါ့နော်။ သူရင်ဆိုင်နေရတာ သူ့တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကြုံဖူးတဲ့ အဆိုးဆုံးအခြေနေကို သူရင်ဆိုင်နေရလို့ ဖြစ်တယ်ပေါ့နော်” ဟု CDM ဗိုလ်ကြီး ထက်မြတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

တစ်ပတ်ခန့်ပျောက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းပြီးမှ ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ် ဖွဲ့စည်းခြင်း နှစ်နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြထားသည်။

ဓာတ်ပုံ- စစ်ကောင်စီ
#ဒုစစ်ခေါင်းဆောင် #စစ်ဘက်ဆိုင်ရာ#ခရီးစဉ်များ #စဉ်းစားစရာ #CDMဗိုလ်ကြီး #Ayeyarwaddy_Times