နွေဦးမောင် /ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၇ ရက်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ လေယာဥ်ကွင်းအဟောင်းနောက်ဘက် မန္တလေး မြို့ (၇၈)လမ်းပေါ် သူရိန်ကိုယ်ပိုင် ကျောင်းအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ည ၇ နာရီခန့်က အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆိုင်ကယ်ပေါ်မှလဲကျစဉ် ကားဖြင့် အတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း သိရသည်။

လုယက်ခံရသည့် အမျိုးသမီးသည် ဆိုင်ကယ်ပေါ်မှတွန်းချခံရပြီး ကားလမ်းပေါ်သို့ လဲကျစဉ် ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“ကျောင်းက ကလေးကိုလာကြိုတာဖြစ်မယ်။ ဆိုင်ကယ်နဲ့ လာတာကို လူတစ်စုက နှစ်ဘက်ညှပ်ပြီး ဆိုင်ကယ်ကိုဖမ်းဆွဲပြီးလုတာ။ ဆိုင်ကယ်ပေါ်က လဲကျတဲ့အချိန်မှာ ဖြတ်သွားတဲ့ကား ဝင်တိုက်ပြီး သေဆုံးသွားတာ” ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

သေးဆုံသူ အမျိုးသမီး အလုခံရသည် နေရာသည် မန္တလေးမြို့ (၇၈)လမ်း မြဝတီဘဏ်နှင့် မလှမ်းမကမ်းတွင်ဖြစ်ပြီး စစ်ကောင်စီ၏ လုံခြုံရေး စစ်ဆေးရေး ဂိတ်ရှိသော်လည်း ယခုကဲ့သို့ ဖုန်းနှင့်ပိုက်ဆံအိတ် လုယက်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ မန္တလေးမှာ လုယက်မှု၊ ဓားမြတိုက်မှု ၊ လူသတ်မှုတွေ ခဏခဏဖြစ်နေတာ။ နေခင်းဘက်မှာတောင် အနောက်ကနေလိုက်ပြီး ဖုန်းလုတာ ဒီရက်ပိုင်းမကြာခဏ ကြားနေရတယ်။ တရားခံတွေကို ဖမ်းဆီးရမိတယ်ဆိုတာမကြားရဘူး” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် မြစ်ကြီးနားမြို့များ အပါဝင် အခြားမြို့များတွင် ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုများအပြင် လူသတ် အလောင်းဖျောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များမှတဆင့် သိရသည်။

ပုံစာ-သေဆုံးသူအမျိုးသမီး

#ချမ်းမြသာစည်မြို့နယ် #အမျိုးသမီးငယ်လုယက်ခံရ #ဆိုင်ကယ်ပေါ်မှလဲကျ #ကားတိုက်မိ၍သေဆုံး #Ayeyarwaddy_Times