ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်

စစ်ကောင်စီက ဧရာဝတီတိုင်းတွင် တပ်သားသစ်အင်အား အဓိကထား စုဆောင်နေပြီး အသက်မပြည့် သူများကိုပါ ထောက်ပံ့ကြေးပေးမည်ဟု မက်လုံးပေးကာ စုဆောင်နေ ကြကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များ အထိခိုက် အကျဆုံးများလာသည်နှင့်အမျှ စစ်အင်အား ဖြည့်တင်ရေးအတွက် ဘက်ပေါင်းဆုံးမှ ကြိုးစားနေရပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စစ်သားစုဆောင်မှုကို တပ်တွင်းမှ လူသစ်ရှာဖွေရေးအဖွဲ့များအပြင် ပွဲးစားများနှင့်ပါ ပေါင်း၍ စုဆောင်းနေရကြောင်း မအူပင်ခရိုင် အတွင်းရှိ ဒေသခံများ ထံမှသိရသည်။

“ကျနော်တို့ဘက်ကို ဆင်းတာက ပွဲးစားတွေပါ။ တပ်ထဲဝင်ရမယ်လို့မပြောဘူး။ နေ စား စရိတ်ငြိမ်း ၁၈၀၀၀၀ ကျပ် ရမယ့် အလုပ်ရှိတယ်။ ယာဥ်တပ်ဆင်ရေးတို့၊ မွေးမြူရေးတို့မှာ လုပ်ရမယ်။ ပညာအရည်ချင်း မလိုဘူး မိသားစုကိုလည်း ထောက်ပံ့ငွေ ပေးမယ်ဆိုပြီး ခေါ်ကြတာ ။ အချို့ကလည်းအလုပ်ရှားတော့ စိတ်ဝင်စားပြီ ပါသွားတာလည်းရှိတယ်။ နောက်မှသိတာက ဟိုရောက်တော့ တပ်ထဲထည့်လိုက်တာ။ အချို့ဆို အသက်တောင်မပြည့်သေးတဲ့ လူငယ်တွေပါတယ် “ဟု မအူပင်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ဧရာဝတီတိုင်းအတွင်း လူသစ်စုဆောင်မှုများ ပြုလုပ်ရာတွင် အုပ်ချုပ်ရေးမှူးများမှ စုဆောင်ခြင်း နှင့် ပွဲစားများ၊ တပ်မိသားစုများမှ မဲဆွယ် စုဆောင်းခြင်းများကိုပါ ပြုလုပ်နေသည့်အပြင် လုံခြုံရေး အကြောင်းပြ၍ ပြည်သူ့စစ်များကိုလည်း စစ်တပ်အရံအင်အားအဖြစ် စုဆောင်းဖွဲ့စည်းနေကြောင်း သိရသည်။

“ကျနော်တို့ ရွာမှာ တစ်ရွာကို တစ်ယောက် စစ်ထဲဝင်ရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးက ပြောတယ်။ မဝင်ချင်တဲ့သူ တွေက တစ်အိမ်ကို ငွေဘယ်လောက်ဆိုပြီး စုပေးကြရတယ်။ ပြည်သူ့စစ်တွေကိုလည်း ရွာလုံခြုံရေးဆိုပြီး အကြောင်းပြပြီး ဖွဲ့တယ်။ တကယ်တော့ သူတို့အိမ်က ပစ္စည်းတောင် မပျောက်အောင် မစောင့်ရှောက်နိုင်ဘူး “ဟု မအူပင် ခရိုင်မှ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ကျဆုံးမှုများလာသည်နှင့်အမျှ တပ်သားအင်အားကို တိုးမြှင့် စုဆောင်းနေရကာ လုံလောက်စွာ မရရှိသည့်အတွက် ပြည်သူ့စစ်၊ ရဲနှင့် မီးသတ်အဖွဲ့ များကိုပါ ရှေ့တန်းသို့ စေလွှတ်နေကြကြောင်းကို မြေပြင်တိုက်ပွဲ ထိခိုက်သေဆုံးမှုများတွင် တွေ့မြင်နေရကြောင်း တော်လှန်ရေး အင်အားစုများက ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်သားများစုဆောင်းနေစဥ်(ပုံဟောင်း)

#ဧရာဝတီတိုင်း #တပ်သားသစ် #စုဆောင်း #အသက်မပြည့်သူများ #ထောက်ပံ့ကြေးရမည် #မက်လုံးပေးစည်းရုံးနေ #Ayeyarwaddy_Times