
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင်းတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အချိန် နှစ်နှစ်ခွဲကျော်ကြာ သွားလာခွင့်ပိတ်ထားသည့် မြို့နယ်ရဲစခန်းရှေ့ ရှိ မန်းဘခိုင်လမ်းကို အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်းကစပြီး အချိန်အကန့်အသတ်ဖြင့် သွားလာခွင့်ပြုခဲ့ကြောင်း မြို့ခံများထံက သိရသည်။
ဟင်္သာတမြို့တွင်းရှိ မန်းဘခိုင်လမ်းကို မနက်၆ နာရီမှ ည၇နာရီ အထိ ပြန်လည်သွားလာခွင့်ပြုခဲ့ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ မန်းဘခိုင်လမ်းကို အချိန်နှစ်နှစ်ခွဲကြာ ပိတ်ထားခဲ့မှုကြောင့် မြို့တွင်းမှ မြို့ပြင်သို့ သွားရောက်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းကိုသာ အသုံးပြုခဲ့ရခြင်းဖြစ်ပြီး လမ်းပြန်လည်ဖွင့်လှစ်ရာ၌ ရဲစခန်းအရှေ့နေရာ၌ နှစ်ထပ်ဘန်ကာပုံစံ အခိုင်အမာဆောက်လုပ်၍ ရဲအင်အား လေး ဦးဖြင့် လုံခြုံရေးကို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။
“အရင်ကမြို့ထဲရော မြို့ပြင်ကိုထွက်ရင် တကွေ့တပတ်သွားနေရတာ။ လမ်းပြန်ဖွင့်တော့အဆင်ပြေသွားတယ်။ ရဲစခန်းအရှေ့မှာတော့ နှစ်ထပ်ဘန်ကာ ပုံစံလုပ်ပြီးတော့ ရဲတွေစောင့်ပြီး စစ်ဆေးတာတော့ရှိနေတယ် ” ဟု မြို့ခံတစ်ဦးကဆိုသည်။
ဟင်္သာတမြို့တွင်းရှိ လမ်းဆုံနေရာများတွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလမှစ၍ စစ်ကောင်စီတပ်၊ရဲ၊ပျူစောထီး(ပြည်သူ့စစ်) အင်အား ၄၀ နီးပါးကို လုံခြုံရေးချကာ နေ့ရောညပါ စစ်ဆေးရေးတင်းကြပ် နေသော်လည်း ခိုးဆိုးလုယက်မှု အရေအတွက် ၁၅၀ မှုအထိ ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း မြို့ခံများ ထံကသိရသည်။
#ဟင်္သာတမြို့ #အချိန်၂နှစ်ခွဲကြာ #သွားလာခွင့် #ပိတ် #မန်းဘခိုင်လမ်း #အချိန်အကန့်အသတ် #ပြန်ဖွင့်ပေး #Ayeyarwaddy_Times