
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ အောက်တိုဘာလ ၆ ရက်
ကန်ပက်လက်မြို့နယ်၊ ကျေးရွာအများစုတွင် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားနေပြီး ဆေးဝါကုသမှုခံယူနိုင်ရန် အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ရာသီတုပ်ကွေးနှင့် ပတ်သက်၍ ဆေးဝါးကုသပေးမည့် ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆရာမများ မရှိခြင်းကြောင့် ဖျားနာသူများအနေဖြင့် လိုအပ်သော ဆေးကုသမှုများ မရသည့်အတွက် ငါးနှစ်အောက် ကလေးငယ်နှစ်ဦး သေဆုံးသွားကြောင်းသိရသည်။
“ဒီနှစ်ရာသီတုပ်ကွေးက သုံးကြိမ်ဖြစ်ပြီးပြီ။ ခုဖြစ်တာက အပြင်းဆုံးပဲ။ ကလေးလူကြီးအားလုံးဖြစ်တယ်။ ကိုယ်ပူတယ်။ တစ်ကိုယ်လုံးကိုက်ခဲတယ်။ ခေါင်းမူးတယ်။ အားအင်တွေကုန်တယ် ။ ကလေးတွေဆို အပူလွန်ပြီး တက်တယ်´´ ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိဖြစ်ပွားနေသော ရာသီတုပ်ကွေးကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်စရာကြုံတွေ့နေကြရသည်။
ကန်ပက်လက်မြို့နယ်ရှိ ဒေသခံများအနေဖြင့် ဆေးဝါးကုသခွင့် လုံလောက်စွာ မရကြသည့်အတွက် အသက်မပြည့်သေးသည့် ကလေးငယ်သေဆုံးသူစုစုပေါင်း ငါးဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။
ယခင်နှစ်ဆန်းပိုင်းက ကန်ပက်လက်မြို့နယ်တွင် ရာသီတုပ်ကွေးနှင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါအဖြစ်များနေသည့် ကလေးငယ်အချို့သေဆုံးခဲ့ရပြီး ချင်းကျန်းမာရေးအဖွဲ့မှ ကျန်းမာရေးဆရာ၊ ဆရာမများက လာရောက်ကုသပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ-ကန်ပက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း(ပုံဟောင်း)
#ကန်ပက်လက် #ရာသီတုပ်ကွေး #၅နှစ်အောက် # ကလေးငယ်နှစ်ဦးသေဆုံး # ဆေးဝါးကုသမှု ခံယူရန်# အကူအညီလိုအပ်နေ
#Ayeyarwaddy_Times