
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃ ရက်
အနောက်တောင်မုတ်သုံလေအားကောင်းနေပြီး မြန်မာနိုင်ငံမှ မုတ်သုံ အထွက် နောက်ကျ နိုင်၍ အောက်တိုဘာ လလယ်ထိ မိုးရွာသွန်းမှု အားကောင်းနေမည်ဖြစ်ပြီး မြစ်ရေမြင့်တက်နိုင်ကြောင်း အောက်တိုဘာ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန် သည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတဝန်းလုံးမှ အောက်တိုဘာ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဆုတ်ခွာသွားမည်ဟု မူလက ခန်းမှန်းထားသော်လည်း မုတ်သုံလေ အားကောင်းလာသဖြင့် အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်နေ့မှ သာမုတ်သုံ လေဆုတ်ခွာနိုင်မည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ထိုသို့မုတ်သုံလေအားနေမှုကြောင့် စစ်ကိုင်း(အထက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး(အရှေ့ပိုင်း) ၊ ရန်ကုန် ၊ဧရာဝတီ၊ တနင်္သာရီတိုင်းနှင့် ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်အထိ မိုးထစ်ချူန်းရွာ သွန်းနိုင်ကြောင်း ကြောင်း သိရသည်။
နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင်မူ သုံးရက်မှ ငါးရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ မိုးစပါးရိတ်သိမ်းချိန် မိုးလွန်ကာလတွင် မုတ်သုံအထွက်နောက်ကျ၍ မုန်တိုင်း မိုးရွာနိုင်သောကြောင့် မိုးစပါး စိုက်ပျိုးသည့် တောင်သူများအနေဖြင့် နေ့စဉ်ဖြစ်ပေါ်နေသည့် မိုးလေဝသ အခြေအနေများကို သတိပြုရန် လိုအပ်ကြောင်း စိုက်ပျိုးရေး ပညာရှင်များက အသိပေးထားသည်။
ဧရာဝတီမြစ်ရေသည် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်စီးဆင်းရာ မြစ်ကြီးနားမြို့မှ စတင်၍ မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတနှင့်ဇလွန်မြို့များသို့ ရောက်ရှိသည့်အထိ စိုးရိမ် ရေအမှတ်ကျော်လွန်နိုင်ကာ ပျှမ်းမျှတစ်ပေခန့်မှ နှစ်ပေခန့်အထိ မြင့်တက်နိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထံက သိရသည်။
ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီးမြို့နှင့် မုံရွာမြို့တို့တွင် လက်ရှိရေမှတ်ထက်ကျော်လွန်ကာ ပေဝက်မှ နှစ်ပေခန့် ဆက်လက်မြင့်နိုင်သည်။
မြစ်သာမြစ်ရေသည် ကလေးမြို့တွင် တစ်ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် ပေဝက်မှ တစ်ပေခန့်၊ ရွှေကျင်မြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တွင် နှစ်ပေမှ သုံးပေခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် သုံးပေခန့်အထိ မြင့်တက်နိုင်သည်။
ထို့ပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ပေမှ တစ်ပေခွဲခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် တစ်ပေခန့်မြင့်တက်နိုင်ကြောင်းသိရသည်။
ကုလားတန်မြစ်ရေသည် လက်ရှိမြစ်ရေထက် ပလက်ဝမြို့နှင့်ကျောက်တော်မြို့တွင် တစ်ပေမှ နှစ်ပေခန့် ၊ လေးမြို့မြစ်ရေသည် မြောက်ဦးမြို့တွင် ပေဝက်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီလင်းမြို့တွင် တစ်ပေခွဲခန့် အထိမြင့်တက်နိုင်ကြောင်း မိုး/ဇလက ဆိုထားသည်။
လက်ရှိတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက် ရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#မုတ်သုံအထွက်နောက်ကျ #မိုးထစ်ချန်းရွာ #မြစ်ရေတက်နိုင် #Ayeyarwaddy_Times