ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၁ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့အ၀င်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဓားမဆိုင်း တပ်မတော်က ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီ ၅၀ ခန့်က ဆားလင်းကြီးမြို့နယ် အနောက်ခြမ်းကို ပုလဲ မြို့နယ် ညောင်ကုန်းကျေးရွာတွင် ပြည်သူ သုံး ဦးကို ခေါင်းဖြတ် သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီတပ် စတင်စစ်ကြောင်းထိုး ၀င်ရောက် လာချိန်တွင် မိုင်းဆွဲတိုက်ခဲ့ရာ ထိခိုက်သူများပြားပြီး သေဆုံးသူ များလည်း ရှိကြောင်း သိရသည်။

“ပဒေသာမိုင်း သုံး လုံးတွဲနဲ့ တိုက်ခိုက်ခဲ့တာပါ။ မြို့အ၀င်မှာ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာပါ။ အင်အား ၁၅၀ ပါစစ်ကြောင်းကို ပဒေသာမိုင်းနဲ့ သွေးကြွေးယူ ခဲ့တာပါ”ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်း တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ စစ်ကြောင်းကို ကျားဘီလူး စစ်ကြောင်းဟု နာမည်ပေးထားပြီး ပြည်သူများကို ခေါင်းဖြတ်သတ်ဖြတ်ကာ နဖူးတွင် ကျားဘီလူးစစ်ကြောင်းဟု ရေးသားမှုများပြုလုပ်ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်း တပ်ဖွဲ့ ထံက သိရသည်။

“စစ်ကြောင်းက ဆားလင်းကြီးမြို့အ၀င်ကို မရောက် ခင်ကတည်းက ဘေးကနေ စောင့်ကြည့်ပြီး ညအိပ်လိုက်ကြတာ။ မြို့အ၀င်ရောက်တော့မှ ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာပါ။ အခြားရွာတွေမှာ ညအိပ်ပြီး ထွက်လာတဲ့ စစ်ကြောင်းပါ”ဟု မြေပြင်တွင်ပါ၀င်ခဲ့သည့် ဓားမ ဆိုင်းတပ်ဖွဲ့၀င် ရဲဘော်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် ထိခိုက်သေဆုံးခဲ့သည့် သေဆုံးအလောင်းနှစ်လောင်းကို ဆားလင်းကြီး ထွေအုပ်ရုံးနောက်ကျောတွင် မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီတပ် #ကျားဘီလူးစစ်ကြောင်း #ပဒေသာမိုင်း #တိုက်ခိုက်ခံရ #ဓားမဆိုင်းတပ်မတော် #Ayeyarwaddy_Times