ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထွက်ဝရွာတွင် တူမီးသေနပ်ကိုင် ဗိုလ်လုပ်နေတဲ့ သွေးသောက်အဖွဲ့ဝင် ပျူစောထီး ၂ ဦး ကိုဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံများထံမှသိရပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲဝန်းကျင်ခန့်က ပစ်ခတ်ရှင်းလင်းခံရသူနှစ်ဦးမှာ သွေးသောက်အဖွဲ့ဝင် ဦးအေးသားနှင့် ဦးစံအေးဆိုသူနှစ်ဦးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အဲဒီ သွေသောက်အဖွဲ့ဝင်လဲဖြစ် ပျူစောထီးလဲဖြစ်တဲ့နှစ်ဦးဟာသူတို့နေအိမ်မှာပဲပစ်ခတ် ရှင်းလင်းခံရတာ ပွဲချင်းပီးနေရာတင်ပဲ အသက်ပါသွားတယ်ဗျ။ဒီလူတွေက တူမီးသေနတ်နဲ့ သောင်းကြမ်းပြီး ဗိုလ်လုပ်နေကြတာ။ဒါကြောင့်အရှင်းခံရတာနေမယ် သေနတ်သံကလည်းအကျယ်ကြီးပဲကြားရတယ်” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပစ်ခတ်ရှင်းလင်းခံရသူ နှစ်ဦးဟာ ထွက်ဝ ပျူစောထီးခေါင်းဆောင် ဦးကုလား၏တပည့်များဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးခြင်းနှင့် ရွာသူရွာသားများအားတူမီးသေနတ်ကိုင်ကာ နည်းအမျိုးမျိုးနှင့်ခြိမ်းခြောက် နေသူများဖြစ်ကြောင်း ဒေသခံတွေကဆိုပါတယ်။ အဆိုပါ တပည့်ဖြစ်သူများပစ်ခတ်ရှင်းလင်းခံရပြီးနောက် ပျူစောထီးခေါင်းဆောင် ဦးကုလားမှာ ထွက်ပြေးတိမ်းရှောင်ပြီး ၎င်း ပစ်ခတ်ရှင်းလင်းမှုဟာ မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။