ဗွီအာတီ/ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင်လ ၂၀ ရက်

ချင်းပြည်နယ်၊ မတူပီမြို့မှာ ကုန်စည်များပျက်တောက်မှုကြောင့် ဈေးဆိုင်များတွင် ဆန်အိတ်များအပါအဝင် တစ်ချို့ကုန်ပစ္စည်းများပျက်လပ်ပြီး အခြားကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေကြောင်း မတူပီမြို့ ဒေသခံများထံမှ သိရသည်။

“ပြည်မဘက်ကနေ တင်ပို့လာတဲ့ ကုန်တင်ယာဉ်တွေဟာ မတူပီမြို့ထဲကို ပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိတဲ့အတွက် ဈေးဆိုင်တွေမှာ ဆန်အိတ်တွေ ဝယ်ယူလို့ မရတော့ဘူး၊ တစ်ချို့က ဆန်အိတ်တွေ သိုလှောင်ထားတယ်၊ ဒါပေမယ့် မရောင်းတော့ဘဲ သူတို့ စားဖို့ပဲ ထားထားပြီ၊ အခြားဓာတ်ဆီ၊ စားဆီနှင့် အခြားကုန်ပစ္စည်းတော်တော်များလည်း ပျက်လပ်နေပြီ၊ ပိုက်ဆံရှိလည်း ဝယ်မရတော့ဘူး၊ ကြာရှည် ဒီပုံစီဆက်ဖြစ်နေမယ်ဆိုရင် မတူပီမြို့မှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေ အကုန်ဒုက္ခရောက်တော့မယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခင်စစ်အာဏာမသိမ်းခင် မတူပီမြို့တွင် ဆန်အိတ်(၁)အိတ်ကို နှစ်သောင်းခွဲကျပ်ဖြင့် ပေးဝယ်ရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများတဖြည်းဖြည်းမြင့်တက်လာကာ လက်ရှိတွင် ဆန်တစ်အိတ်ကို (၇)သောင်းကျပ်အထိ ပေးဝယ်နေရသည်။ ကုန်ဈေးနှုန်းမြင့်တက်သော်လည်း ပြည်သူများက အလုအယက်ဝယ်ယူကြမှုကြောင့် မြို့တွင်းစျေးဆိုင်များတွင် ဆန်အိတ်များ ပြတ်လပ်သည်အထိ ကြုံတွေ့နေကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့အနီးအနားမှာရှိတဲ့ ကျေးရွာတွေမှာ ဒေသထွက်ဆန်တွေ ဝယ်ယူဖို့ မြို့ပြင်ဘက်သွားမယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေးရုံးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးထောက်ခံစာပါမှ သွားလို့ရတယ်၊ မြို့ပြင်သွားချင်တဲ့ သူတိုင်းကိုလည်း ထောက်ခံစာမပေးပြန်ဘူး၊ ထောက်ခံလုပ်မယ်ဆိုရင် စိတ်အနှောက်ယှက်တော်တော်များတယ်၊ ထောက်ခံစာတစ်ခုရနိုင်ဖို့အရေး တရာခံလိုမျိုးအစစ်အဆေးခံနေရတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကပြောသည်။

မတူပီမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားခြင်း၊ စစ်ကောင်စီတပ်က ကုန်တင်ယာဉ်များဝင်ရောက်မှုကို ကန့်သတ်ခြင်း၊ ခရီးသွားလာမှုကို ပိတ်ပင်ခြင်း၊ ကားလမ်းများပျက်စီးခြင်းနှင့် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းမှုကြောင့် ပြည်မဘက်မှ အဓိကကုန်စည်လမ်းကြောင်းဖြစ်သော မင်းတပ်-မတူပီလမ်းအား လုံခြုံရေးအရ မကြာခဏပိတ်ပင်ခြင်းတို့ကြောင့် မတူပီမြို့တွင် ကုန်စည်ပြတ်လပ်ရခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ဂန့်ဂေါ-ရေဇွာဘက်မှ မတူပီမြို့ဘက်သို့ ကုန်စည်များတင်ပို့သော်လည်း မင်းတပ်-မတူပီ လမ်းမကြီးထက် လမ်းကြောင်းပိုမိုဝေးကွာခြင်းကြောင့် လမ်းခရီးနှောင့်နှေးကျန့်ကြာကာ ကုန်တင်ယာဉ်မောင်းများပင် အသက်အန္တရာယ်ကို အကြောင်းပြပြီး ကုန်ဈေးနှုန်းမြင့်တက်စေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။