ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ စက်တင်ဘာလ ၃၀ ရက်

ပဲခူတိုင်း၊ သာယာဝတီခရိုင်အတွင်း ပြီးခဲ့သည့်ဩဂုတ်လမှ စတင်ပြီး နှစ်လအတွင်း နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူး ၄၀ ကျော်ရှိနေပြီး အုတ်ဖိုမြို့နယ်အတွင်း လုံခြုံရေး မပေးနိုင်တော့သည့်အတွက် အုပ်ချုပ်ရေးမှူး နှုတ်ထွက်မှု အများဆုံး ဖြစ်နေကြောင်း သိရသည်။

သာယာဝတီခရိုင်အတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ခြင်းများ မကြာခဏ ပြုလုပ်နေသည့်အတွက် အုပ်ချုပ်ရေးမှူး ၄၀ ကျော်မှာ နှုတ်ထွက်ထားခြင်းဖြစ်ပြီး နှုတ်ထွက်လိုပါကလည်း အစားထိုး အုပ်ချုပ်ရေးမှူး တစ်ဦးပြန်လည် ရှာဖွေပေးခဲ့ရကြောင်းလည်း သိရသည်။

“အခုကျွန်တော်တို့က အုပ်ချုပ်ရေးမှူးတွေကို ရှင်းတဲ့အခါမှာ ပြည်သူလုထုကို ဒုက္ခပေးတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒုက္ခပေးတဲ့သူတွေကို အဓိကရှင်းတယ်။ သာမာန် ပြည်သူနဲ့ သဟဇာတဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေကို ဒုက္ခမပေးဘူးဆို ကျွန်တော်တို့က ဘာမှမလုပ်ပါဘူး။ ဒါပေမဲ့စစ်ကောင်စီ ယန္တရားအောက်မှာ တာဝန်ထမ်းဆောင်နေရင်တော့ အရေးယူမယ့်ထဲပါမှာပါ ” ဟု သာယာဝတီခရိုင်၊ PDF တပ်ရင်း ၃၈၀၂၊ ပြန်ကြားရေးတာဝန်ရှိသူ ဇော်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အုပ်ချုပ်ရေးမှူးနှုတ်ထွက်မှုများ များလာသည့်အပြင် လစ်လပ်နေသည့် အုပ်ချုပ်ရေးမှူး နေရာများကြောင့် ခရီးသွားထောက်ခံစာ ယူခြင်းများ၊ စာရွက်စာတမ်းကိစ္စများကို ရဲစခန်းတွင် သွားရောက် လုပ်ကိုင်နေရသည့် အတွက် အခက်အခဲတစ်ချို့ကြုံတွေ့ရကြောင်းလည်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးတွေ နှုတ်ထွက်ကြပါလို့ စာထုတ်လိုက်ရင် နှုတ်ထွက်ကြမဲ့သူတွေ သုံးပုံနှစ်ပုံလောက်ရှိတယ်။ ခရိုင်ထွေအုပ်ကစလို့ ရပ်ကျေးစာရေးအထိ နှုတ်ထွက်ဖို့ သတိပေးစာ ထုတ်ဖို့ရှိပါတယ်။ ဒါတွေထုတ်ပြီဆို ပြည်သူလူထုကို ဒုက္ခပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိတဲ့သူအကုန်ကို ရှင်းလင်းတာတွေလုပ်ပြီး အရေးယူဖို့ရှိတယ် ” အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

သာယာဝတီခရိုင်အတွင်း အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ တော်လှန်ရေးတပ်ဖွဲ့များက ပစ်သတ်ခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့ဝင် ၇၀ ဦးနှင့်အထက်ရှိပြီး နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူး အရေအတွက် ၁၀၀ ဝန်းကျင်ရှိပြီ ဖြစ်ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း သာယာဝတီခရိုင်အတွင်းရှိ သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးဒေါ်သိမ့်သိမ့်လွင်ကို သာယာဝတီဂဠုန်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း အဆိုပါ အဖွဲ့ထံက သိရသည်။

ဓာတ်ပုံ – အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းတစ်ချို့(ပုံအဟောင်းဖြစ်သည်)။

#သာယာဝတီ #အုပ်ချုပ်ရေးမှူး #နှုတ်ထွက် #Ayeyarwaddy_Times