
ဧရာဝတီတိုင်းမ်
(ဝေါ)၊ စက်တင်ဘာလ ၂၆ ရက်
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တပ်စွဲထားသည့်နေရာသို့ ယနေ့စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် PDF တပ်ရင်း(၃၇၀၂) ၊ တပ်ခွဲ-၄ မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များ အခြေချနေသည့် လက်ပံရွာ အတွင်းသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး ပျူစောထီးအဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
“လက်ပံရွာမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးက အင်အားများတယ်။ လတ်တလော သတင်းအရ တပ်သားတစ်ယောက်သေပြီး ပျူစောထီးနှစ်ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ အခု နေ့လယ်ပိုင်းမှာ ထပ်ပြီးတော့ မြစ်ကျိုးရွာကနေတဆင့် လက်ပံရွာကို ဆိုင်ကယ်တွေ အိမ်စီးကားတွေရော စစ်တပ်ကဖောကားတွေပါ အင်အားထပ်ဖြည့် လာတာရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဝင်ရောက်ပစ်ခတ်မှုအတွင်း G.3 သေနတ်တစ်လက်၊ ကျည်ဘောက် လေးဘောက်၊ ၇.၆၂ ကျည်တောင့် ၆၂ တောင့်၊ လက်ပစ်ဗုံးတစ်လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ပံရွာရှိစစ်ကောင်စီစခန်း တိုက်ခိုက်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေစိုက် အမတ (၃၁၀) မှ ၈၁-မမ လက်နက်ကြီး ခြောက်လုံး ၊ ဝေါမြို့နယ်၊ ပေါက်တန်းရွာမှ ၈၁ မမလက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ရာ အရပ်သားများ ထိခိုက်မှုများ မရှိသော်လည်း စပါးကွင်းများအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စပါးခင်းထိခိုက်မှုများရှိခဲ့ ကြောင်း သိရသည်။
လက်ပံကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားကာ ကျေးရွာပြင်ပ နေရာများတွင် မြေမြှုပ်မိုင်းများထောင်ထားပြီး ဒေသခံများကို မြေမြှုပ်မိုင်း သတိပေးချက်များလည်း ပြောပြထားခြင်းမရှိသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိကာ ညာခြေကျင်းဝတ်ပြတ် ထွက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ဝေါ #လက်ပံရွာ #တိုက်ပွဲ #စစ်ကောင်စီတပ် #ပျူစောထီး #လက်နက်သိမ်းဆည်းရမိ #Ayeyarwaddy_Times