ဧရာဝတီတိုင်းမ်
စက်တင်ဘာလ၂၄ ရက်

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက အလယ် တန်းပြဆရာမတစ်ဦး လည်လှီးသတ်ဖြတ်ခံခဲ့ရတဲ့ အမှုနဲ့ပတ်သက်ပြီး ULA/ AAက ဖမ်းဆီးထားတဲ့ သံသယတရားခံမှာ လွတ်မြောက်သွားခဲ့တယ်လို့(AA)ဖက်က ထုတ်ပြန်လာပါတယ်။

အဆိုပါ အလယ်တန်းပြကျောင်းဆရာမ မနှင်းယုနွယ်အသတ်ခံရမှုမှာ သံသယရှိသူ ၁ ဦးနဲ့ အဓိကသံသယရှိသူ ၂ ဦး၊ စုစုပေါင်း ၃ ဦးတို့ကို စစ်ဆေးမှုပြုလုပ်နေတာဖြစ်ပြီး အဓိကတရားခံဖြစ်သူ ကိုမောင်မောင်အေးဆိုသူမှာ စက်တင်ဘာလ ၁၉ ရက်နေ့ညက ထွက်ပြေးလွတ်မြော က် သွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါတယ်။

လက်ရှိမှာ သံသယရှိသူ ၁ ဦး နဲ့ အဓိကသံသယရှိသူ ၁ ဦးတို့ကို ဆက်လက်စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို ထွက်ပြေးလွတ်မြောက်သွားတဲ့ တရားခံမောင်မောင်အေးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

” ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိကသံသယတရားခံ မောင်မောင်အေးကို အမြန်ဆုံးပြန်လည်ဖမ်းဆီးရမိရေးနဲ့ တရားခံအစစ်အမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်နေလျက်ရှိတယ် “လို့ ခိုင်သုခက ပြောဆိုထားပါတယ်။

အခုလို တရားခံတစ်ဦးလွတ်မြောက်သွားတဲ့အပေါ်မှာ ရခိုင်ပြည်သူတွေ အနေနဲ့ ULA/ AAအပေါ် အပြစ်တင်ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

အသက် ၃၇ နှစ်အရွယ် ဆရာမ ဒေါ်နှင်းယုနွယ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းက သူမနေထိုင်ရာ ပေါက်တောကျေးရွာ က တာဝန်ကျရာ ပန်းဖော်ပြင်ကျေးရွာသို့ စာပြရန်သွားရာ လမ်းမှာ ရက်စက်စွာ လည်လှီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီလို ဆရာမတစ်ဦးကို ရက်စက်စွာသတ်ဖြတ်ခြင်းအပေါ် စစ်မှန်သော တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့အတွက် ကိုလည်း ရခိုင်ပြည်သူ နဲ့ မိသားစုဝင်တွေက တောာင်းဆိုနေကြတာလည်းဖြစ်ပါတယ်။

(ယခုသတင်းအား Ayeyarwaddy Times သတင်းဌာန၏မိတ်ဖက်ဖြစ်သည့် Border News Agency မှသတင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times