
နွေဦးမောင် /ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်
ရန်ကုန် -မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်ရှိ ဒေါက်ရပ်ကျေးရွာအနည်းတွင် လိုင်စဥ်မဲ့ကားသယ်ဆောင်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ရာ ရဲအုပ်တစ်ဦးအပါအဝင် သုံး ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံကသိရသည်။
“လိုင်စဥ်မဲ့ကားတွေ သယ်ဆောင်မယ်လို့ သတင်းရလို့ သွားစောင့်ပြီး ရှင်းလင်းခဲ့တာ။ ကား လေးစီးဖြတ်လာတာ နောက်ဆုံးအစီးကိုပဲ ပစ်ခတ်နိုင်ခဲ့တယ်။ ရဲအုပ် ယာဥ်မောင်းနဲ့ ကားပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
သထုံမှနေ၍ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် အဆိုပါကားများသည် စစ်ကောင်စီက ဖမ်းဆီးထားသည် Honda Fit အမျိုးစား ကားများဖြစ်ပြီး နေပြည်တော်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ စာရင်းအင်း နှင့် စစ်ဆေးရေးဦးစီးဌာနကို သွားရောက်ပို့ဆောင်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်း မြစ် ထံကသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ သုံး ဦးအနက် ရဲအုပ်သည် ကျော၊ ရင်ဘတ်နှင့် ခြေထောက်တို့ ထိမှန်ထားပြီး စိုးရိမ်ရသည့် အခြေနေရှိကာ ရန်ကုန် ဆေးရုံသို့ ခေါ်ဆောင် သွားစဉ် သေဆုံးခဲ့သည်ဟု သိရှိရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ဖြေကြားထားပြီး ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ပုံစာ-တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
#လိုင်စဥ်မဲ့ယာဥ် #သယ်ဆောင် #ရဲအုပ်အပါဝင်သုံးဦး #သေနတ်ဖြင့်ပစ်ခတ်ခံရ #Ayeyarwaddy_Times