ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

အမေရိကန်ဖျက်သင်္ဘော Benfold ရဲ့ ထိုင်ဝမ်ရေလက်ကြား ဖြတ်သန်းမောင်းနှင်မှုကို စောင့်ကြည့်ခဲ့ တယ်လို့ တရုတ်စစ်တပ်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ဖျက်ဆီးတဲ့နိုင်ငံတစ်ခုဖြစ်သလို ထိုင်ဝမ်ရေလက်ကြား လုံခြုံရေးအန္တရာယ်တွေ ဖန်တီးသူဖြစ်တယ်ဆိုတာ မကြာခဏ ရန်စမှုတွေက ပြသနေတယ် လို့ တရုတ်စစ်တပ်က ပြောပါတယ်။

အမေရိကန်ဖျက်သင်္ဘော Benfold က နိုင်ငံတကာဥပဒေနဲ့အညီ နိုင်ငံတကာရေပိုင်နက်မှတစ်ဆင့် ထိုင် ဝမ်ရေလက်ကြား ပုံမှန်ဖြတ်သန်းမောင်းနှင်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကို ခွဲခြားပေးထားတဲ့ ရေလက်ကြားမှတစ်ဆင့် တစ်လလျင် တစ်ကြိမ်ခန့် ရေကြောင်းမောင်းနှင်မှုတွေ ပြုလုပ်လျက်ရှိပြီး ယင်းလုပ်ရပ်က ထိုင်ဝမ်ကျွန်းကို လက်အောက်ခံ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားတဲ့ တရုတ်နိုင်ငံကို အမျက်ထွက်စေခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီလအတွင်း ထိုင်ဝမ်ရေလက်ကြားကို ဂျက်တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး အဲဒီလုပ် ရပ်က ရန်စမှုတစ်ခုဖြစ်တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။ အမေရိကန် အထက်လွှတ်တော်လက်နက်ကိုင်ကော် မတီ အဖွဲ့ဝင် ရက်ခ်စကော့ရဲ့ ထိုင်ဝမ်ခရီးစဉ်အတွင်း ဒီဖြစ်စဉ် ဖြစ်ခဲ့တာပါ။

ထိုင်ဝမ်သို့ ဒေါ်လာ ၁၀၈ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချမယ့်အစီအစဉ်ကို ချက်ချင်း ဖျက် သိမ်းပေးဖို့ တရုတ်နိုင်ငံက အမေရိကန်ကို တောင်းဆိုခဲ့ပါတယ်။ အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီ ထိုင်ဝမ်ကို သွားရောက်ပါက ခိုင်မာတဲ့ အရေးယူမှု တွေ ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံက ဇူလိုင်လ ၁၉ ရက်မှာ သတိပေးခဲ့ပါတယ်။

နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်သာ ဖြစ်လာပါက တရုတ်နိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့မှုကို ဆိုးရွားစွာ ထိခိုက်စေမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လိကျန် က ပြောကြားခဲ့ပါတယ်။

“ဒီထိုင်ဝမ်ခရီးစဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအားလုံးအတွက် အမေရိကန်ပြည်ထောင်စုက အပြည့်အဝ တာဝန်ယူရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – The Straits Times
Ref; China’s military says it followed and monitored US destroyer in Taiwan Strait