ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်နှင့်ရဲများက လက်နက်များသယ်ဆောင်လာသူ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့​ခြင်းနှင့်ပတ်သတ်ပြီး PDF တပ်ဖွဲ့၀င်များမဟုတ်ကြောင်း ပုသိမ်ခရိုင် မြို့ပြပျောက်ကြားတပ်ဖွဲထံမှသိရှိရသည်။

ဖမ်းဆီးရမိသူ ၂ ဦးနှင့်ပတ်သတ်ပြီး စစ်ကောင်စီ ထောက်ခံသည့် တယ်လီဂရမ်ချယ်နယ်များမှ PDF များကို လက်နက်များလာရောက်ပို့ဆောင်သူ
များဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပြီး ပုသိမ်ခရိုင်အတွင်းလှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့သတင်းနဲ့ပတ်သတ်ပြီး အတည်ပြုလို့မရသလို သူတို့က တော်လှန်ရေးအင်အားစုတွေဘက်ကမဟုတ်ပါဘူး” ပုသိမ်ခရိုင် မြို့ပြ ပျောက်ကြားတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ညက
ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်၊ သီရီရတနာတည်းခိုခန်းတွင် ရန်ကုန်မြို့တွင်နေထိုင်သူ ကိုငြိမ်းဇော်ထူးနှင့် ကိုစိုးမင်းအောင်တို့ဖြစ်ပြီး ၎င်းတို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အတွင်းမှ မတပ်ဆင်ရသေးသည့် M-4 သေနတ် ၃ လက်၊ Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည်များနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ရဲများမှ ကိုငြိမ်းဇော်ထူးနှင့် ကိုစိုးမင်းအောင်တို့ကို ငါးသိုင်းချောင်းမြို့ မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ကျုံပျော်ခရိုင်တရားရုံးမှာ တရားစွဲဆိုစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ နှင်နီးစပ်သူများထံမှ သိရှိရသည်။

#ငါးသိုင်းချောင်းမြို့ #အမျိုးသားနှစ်ဦး #လက်နက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times