
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၂၂ ရက်
အာဏာသိမ်းပြီးနောက် ပြန်လည်ခုခံတော်လှန်မှုများကြောင့် အထိနာ သေဆုံးမှုများ နေသည့် စစ်ကောင်စီသည် ၎င်းတို့၏ လက်ရုံးတပ်များဖြစ်သည့် အထိုင် တပ်များကို ရှေ့တန်းသို့ ပို့ဆောင်နေရသည့်အတွက် တပ်အင်အားဖြည့်တင်းရန် တပ်သားသစ်များ ခေါ်ယူလျက်ရှိသည်။
စစ်ကောင်စီတပ်အတွင်းတွင် ရှေ့တန်းမထွက်လိုသည့်အတွက် အောက်ခြေစစ်သား အပါအ၀င် အရာရှိအဆင့်များကပါ ခွင့်မဲ့ပျက်ကွက်နှင့် တပ်တွင်းထွက်ပြေးမှုများ နေ၍ ခြေလျင်(ကြည်း)တပ်ကို အင်အားမဖြည့်တင်းနိုင်တော့ဘဲ လက်ရုံးအထိုင်တပ်များကို ထုတ်သုံးနေရကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက စုံစမ်းသိရသည်။
အင်အားပြရန် ဖွဲ့စည်းထားသည့် အထိုင်တပ်များသည် စစ်လက်နက်ပစ္စည်း များကိုသုံးစွဲရာတွင် စနစ်တကျကိုင်တွယ်သုံးစွဲနိုင်မှုမရှိခြင်း၊ စစ်ဗျူဟာနှင့် စစ်တိုက်သည့် အတွေ့အကြုံ မရှိခြင်းများကြောင့် ရှေ့တန်းသို့ ပို့ဆောင်ခံရသည့်အခါများတွင် ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။
ထိုသို့ သေဆုံးမှုများနေ၍ တပ်အင်အားဖြည့်တင်းရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) လက်ရုံး၀န်ထမ်းတပ်များတွင် စစ်မှု ထမ်းရန် အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းများခေါ်ယူသည့် ကြော်ငြာစာကို စက်တင်ဘာ ၂၀ ရက်နေ့က စတင်၍ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ထည့်သွင်းခေါ်ယူခဲ့ပြီး ထိုသို့ ခေါ်ယူခြင်းကို မကြာခဏဆိုသလို ပြုလုပ်လျက်ရှိသည်။
“အထိုင်တပ်ထဲမှာလည်း အမျိုးသမီး၀န်ထမ်းတွေနဲ့ ဒဏ်ရာရစစ်သားတွေပဲရှိတော့တယ်။ အထိုင်တပ်ကိုအင်အားပြဖို့ သက်သက်ဖွဲ့ထားပေမယ့် ခုကရှေ့တန်းပါ ထွက်နေရတယ်။ အဲဒါကြောင့် ရှေ့တန်းရောက်ရင် သေတာပဲ။ လက်ခတ်တောင်မှာကျခဲ့တဲ့ ခမရ-၂ ဆိုရင် တပ်ရင်းတစ်ရင်းလုံး ၁၅၀ ရှိတာကနေ အခု ၆၀ ပဲရှိတော့တယ်။ အဲဒီတပ်တွေကို ပြန်ဖြည့်ဖို့ အထိုင်တပ် တွေသုံးနေတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ တပ်တွင်း၌ ဖော်ပြထားသည့် တပ်အင်အားအတိုင်းမရှိတော့၍ အဆင့်ဆင့် ဖိအားပေးပြီးတပ်အင်အားကို ဖုံးကွယ်ထားကြောင်းနှင့် ၎င်းတို့၏ တပ်အင်အား စာရင်းကို ကစထမှူး(စစ်ဆင်ရေးအထူးအဖွဲ့မှူး) များကိုယ်တိုင်အမှန် သိရှိခြင်းမရှိကြောင်း သိရသည်။
#စစ်ကောင်စီ #အထိုင်လက်ရုံး #သင်တန်းသားသစ် #ခေါ်ယူအစားထိုး #အင်အားဖြည့် #Ayeyarwaddy_Times