ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊ စက်တင်ဘာလ ၁၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF) ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Dawei Defense Team – DDT တပ်ခွဲ (၃)ထံက သိရသည်။

ခန့်အချိန်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ရေဖြူတံတားအနီးရှိ ရပ်တော်မူ ဘုရားတွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ယမန်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်က စနိုက်ပါဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ကနေရာ အသေချာယူပြီးမှ သူတို့ ( စစ်ကောင်စီတပ်) ရဲ့အလစ်ကို စနိုက်ပါ နဲ့ ပစ်ခဲ့တာပါ။ အဲဒီ စစ်ဆေးရေးဂိတ်မှာက စစ်သားတွေ ၁၀ ဦး ကျော်လောက် ရှိတယ်။ စစ်သား နှစ် ဦးကတော့ ချက်ကောင်းထိပြီး နေရာမှာတင် မှောက်လျက် ကျသွားတယ်။ ပစ်ခတ်မှုဖြစ်နေစဥ်မှာပဲ့ စစ်ကောင် စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ခုခံပြီးပြန်ပစ်တယ်။အဲဒါကြောင့် ကျွန်တော်တို့ ပြန်လည်ဆုတ်ခွာလာခဲ့တယ်” ဟု DDT တပ်ခွဲ (၃) မှ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ကလိန်အောင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၀၈)၊ (ခမရ-၄၀၉) တို့မှ စစ်ကောင်စီ တပ်သား နှစ် ဦးသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

သေဆုံးသွားသည့် စစ်ကောင် စီတပ်သား အလောင်းများကို စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် စစ်ကားများဖြင့် ပြန်လည်သယ်ယူသွားကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ခွဲ (၃) ၊ဝေဟင် အဖွဲ့ (ရေဖြူ) နှင့် နဂါးနီ ပြောက်ကျားတပ်ဖွဲ့ တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-DDT တပ်ခွဲ (၃)

#ရေဖြူမြို့ #ရပ်တော်မူဘုရား #စစ်ကောင်စီတပ် #စနိုက်ပါပစ်ခတ်ခံရ #စစ်သား၂ ဦးသေ #Ayeyarwaddy_Times