
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘုံသာကျောင်းတိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဂဠုန်မင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်နေ့တွင် ၆၀-မမဖြင့် တိုက်ခိုက်ခဲ့ရာ အထိနာ၍ သလွန်ဖြူကျေး ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ စိတ်ကျန်းမာရေး မကောင်းသူအပါအဝင် ဒေသခံ ခုနစ် ဦးကိုသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ကိုင်းမြို့ရှိ ရွှေဘုံသာကျောင်းကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ် ၀န်းကျင်တွင် ၆၀ မမဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါး ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိ သူများပြားခဲ့ကြောင်း ဂဠုန်မင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“စစ်ကောင်စီဘက်က ၅ ဦးသေတဲ့အပြင် ဒဏ်ရာရတဲ့ ကောင်တွေများတယ်။ ထပ်သေနိုင်တယ်။ ဒါကြောင့် အထိနာပြီးတော့ ကျေးရွာတွေထဲ စစ်ကြောင်းထိုးပြီး မဆိုင်တဲ့ ရွာခံတွေကို သတ်သွားတယ်”ဟု ဂဠုန်မင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံခဲ့ရသော ရွှေဘုံသာကျောင်းရှိ စစ်ကောင်စီတပ်သည် အထိနာခဲ့သည့်အတွက် စက်တင်ဘာ ၁၆ ရက် ညနေ ၆ နာရီခန့်တွင် သလွန်ဖြူကျေးရွာအတွင်းသို့ ဝင်ရောက်၍ စိတ်ကျန်းမာရေး မကောင်းသူ အပါအ၀င် ဒေသခံသူ ခုနစ် ဦးကို သတ်ဖြတ်ခဲ့သည်။
အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ကာ စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးဘုရားအနီး၀န်းကျင်ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီး ဒေသခံပြည်သူ အများအပြား (၃၀ခန့်) ကို ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ကြာင်းသည် လက်ရှိတွင် ညောင်ကုန်းနဲ့ သလွန်ဖြူရွာတွင် တပ်စွဲထားကာ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ရွှေဘုံသာကျောင်းတိုက် #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #သလွန်ဖြူကျေးရွာ #ဒေသခံ၇ဦး #ဂဠုန်မင်း #Ayeyarwaddy_Times