
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
အလယ်တန်းကျောင်း (ခွဲ) စာသင်ဆောင်တစ်ခု ပြိုကျပျက်စီးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ ထံမှသိရှိရသည်။
ကျောင်ကုန်းမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အလက (ခွဲ) တလုတ်ကုန်းကျောင်း၀န်းအတွင်းတွင် ရှိသောယာယီ စာသင်ဆောင်သည် မိုးသည်းထန်စွာရွာသွန်းပြီးလေတိုက်ခတ်မှုကြောင့် ပြိုကျသွားခြင်းဖြစ်ကြောင်း ဒေသခံများမှပြောသည်။
“မိုးရောလေရောတစ်အားရွာတာ၊ ကျောင်းပိတ်ရက်တနင်္ဂနွေနေ့မှာဖြစ်လို့ တော်သေးတယ်။ အဆောင်က အခိုင်အမာဆောက်ထားတာမဟုတ်ဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကျောင်းဆောင်ပြိုကျသည့်နေရာအား မီးသတ်တပ်ဖွဲ့မှ သွားရောက်ရှင်းလင်းပေးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှသိရှိရသည်။
ကျောင်းကုန်းမြို့နယ်တွင် ပြိီးခဲ့သည့် မေလ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ် ၂၃ လုံးနှင့် အလယ်တန်းကျောင်း အုတ်တံတိုင်းပြိုကျပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှတ်တမ်းများအရသိရှိရသည်။
#ကျောင်းကုန်းမြို့နယ် #စာသင်ကျောင်း #ပြိုကျ #စစ်ကောင်စီတပ် #Ayeyarwaddy_Times