
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
ဆင်စွယ်တွေ၊ ကြံ့ချိုတွေနဲ့ သင်းခွေချပ်အကြေးခွံတွေ အပါအဝင် အာဖရိကတိုက်က လာတယ်လို့ယူဆရ တဲ့ ဒေါ်လာ ၁၈ သန်းတန်ကြေးရှိ ရှားပါးတိရစာ္ဆန်ထွက် အစိတ်အပိုင်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှား အ ကောက်ခွန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံဟာ တရုတ်နိုင်ငံအပါအဝင် အာရှတိုင်းပြည်တွေကို တရားမဝင် မှောင်ခိုကူးခံရတဲ့ မျိုး သုဉ်းပျောက်ကွယ်တော့မယ့် သားရိုင်းတိရစာ္ဆန်တွေ တင်ပို့ရာမှာ အရေးပါတဲ့ ကြားခံနေရာတစ်ခုလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။
မလေးရှားနိုင်ငံအနောက်ပိုင်းကမ်းရိုးတန်းရှိ ပို့ကလန်းမြို့က ဆိပ်ကမ်းတစ်ခုမှာ သစ်တုံးတွေနဲ့အတူ ကွန်တိန်နာတစ်လုံးထဲမှာ ဝှက်ထားတဲ့ တရားမဝင် တိရစာ္ဆန်ထွက်ပစ္စည်းတွေ မှောင်ခိုကူးမယ့်ကြိုးပမ်းမှုကို အာ ဏာပိုင်တွေက တားဆီးနိုင်ခဲ့ပါတယ်။
တရားမဝင် ကုန်စည်တွေထဲမှာ ကီလိုဂရမ် ၆၀၀၀ ရှိ ဆင်စွယ်တွေလည်း ပါဝင်ခဲ့လို့ မလေးရှားနိုင်ငံရဲ့ ဆင်စွယ်အများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်လို့ အကောက်ခွန်ဌာန အကြီးအကဲ ဇာဇူလီဂျိုဟန်က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့အထဲမှာ ကြံ့ချို ၂၉ ကီလို၊ သင်းခွေချပ်အကြေးခွံ ၁၀၀ ကီလို၊ တိရစာ္ဆန်ခေါင်းနဲ့ အရိုး ၃၀၀ ကီလိုဂရမ်လည်း ပါဝင်တယ်လို့ ၄င်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ တိရစာ္ဆန်ထွက်ပစ္စည်းတွေက ဒေါ်လာ ၁၈ သန်းနဲ့ညီမျှတဲ့ ရင်းဂစ် သန်း ၈၀ တန်ကြေးရှိပြီး အာဖရိကတိုက်ကနေ ပို့ဆောင်လိုက်တာလို့ ယူဆရတယ်လို့ သူက ဆိုပါတယ်။ တိရစာ္ဆန်ထွက်ပစ္စည်းတွေက တရုတ်နဲ့ ဗီယက်နမ် အပါအဝင် တိုင်းပြည်များစွာ လူကြိုက်များထင်ရှားပြီး ရိုးရာဆေးဝါး ဖော်စပ်ရာမှာ အသုံးပြုတယ်လို့ သိရပါတယ်။
ကိုးကား – South China Morning Post
Ref; Malaysia seizes US$18 million in elephant tusks, rhino horns and pangolin scales, possibly destined for China