
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
ရုရှားနိုင်ငံတွင်ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် ရုရှားနှင့် မြန်မာပူးပေါင်း၍ ပညာရေး၊ဘဏ်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများဆောင်ရွက်ရန် စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦး လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ လက်မှတ်ရေး ထိုးရာတွင် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့် ရုရှား၊ တက္ကသိုလ် Far Eastern Federal University (FEFU) တို့ ဆေးဘက်ဆိုင်ရာ ပညာရပ်ပူးပေါင်းဆောင်ရွက်ရေးစတင်ရန်အတွက် နေပြည်တော်တွင် FEFU ရုံးခွဲဖွင့်လှစ်နိုင်ရန်၊ ရုရှားနှင့် မြန်မာနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံရေးအဆင်ပြေစေရန်နှင့် ငွေပေးချေမှု အဆင်ပြေ ချောမွေ့စေရန်အတွက် ရုရှားဘဏ်များ မြန်မာနိုင်ငံတွင် ဘဏ်ရုံးခွဲ ဖွင့်လှစ်နိုင်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် မကြာမီကာလအတွင်း မြန်မာကျပ်ငွေနှင့် ရုရှား ရူဘယ်ငွေတို့ကို ငွေကြေးတန်ဖိုးတစ်ခု သတ်မှတ်၍ ချိန်ညှိသုံးစွဲနိုင်ရေးကို သဘောတူညီ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်က ရုရှားသတင်းဌာနကို ဖြေကြား ထားသည်။
ယင်းပြင် နှစ်နိုင်ငံခရီးသွား လုပ်ငန်းဝန်ဆောင်မှု အရည်အသွေးမြင့်တင်ရေးအပါအဝင် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးသဘောတူလက်မှတ်ရေးထိုးကြသည်။
ထို့ပြင်နှစ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေးပိုင်းတွင် မြန်မာနိုင်ငံရှိစက်ခေါင်းနှင့် လူစီးတွဲ စက်ရုံစီမံကိန်းသစ်များတွင်ပါဝင်ရေး၊ မြန်မာ့မီးရထားလုပ်ငန်းများအတွက် နည်းပညာနှင့် ငွေကြေးအထောက်အပံ့များရရှိနိုင်ရေးအကြောင်းများ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအချင်းချင်း ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးနှင့် လမ်းပြ မြေပုံအကောင်အထည်ဖော်နိုင်ရန်တို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနှင့် ရုရှားလေကြောင်း တိုက်ရိုက် ခရီးစဉ်အဖြစ် တစ်ပတ်လျှင် ၃ ရက်ပျံသန်းလျက်ရှိကြောင်း MAI လေကြောင်းလိုင်းက သိရသည်။
ယမန်နှစ်က ရုရှားနိုင်ငံတွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။
ဓာတ်ပုံ – MOI
#ရုရှားနှင့်မြန်မာပူးပေါင်း #ပညာရေးဘဏ်လုပ်ငန်းခရီးသွားလုပ်ငန်းများ စစ်ကောင်စီ၏ #ဗိုလ်ချုပ်ကြီးမြထွန်းဦး #လက်မှတ်ရေးထိုး #Ayeyarwaddy_Times