

news,media,newspaper
စစ်တပ်ကျူးလွန်တဲ့ ကြောက်မတ်ဖွယ်ရာ ရာဇဝတ်မှုတွေရဲ့ဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေရတယ် လို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက မနေ့က လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
“ပြီးခဲ့တဲ့လတွေအတွင်း စစ်ရာဇဝတ်မှုတွေ၊ လူသားမဆန်သော ရာဇဝတ်မှုတွေ တိုးလာခဲ့ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တယား (IIMM) မှ Nicolas Koumjian က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ၊ ရမ်းသမ်းပြီး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ အပါအ ဝင် အပြစ်မဲ့အရပ်သားတွေ သေဆုံးရတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော်မှာပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အစည်းအဝေးမှာ သူက ပြောပါတယ်။
မြန်မာစစ်တပ်အတွင်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် တရားစွဲဆိုမှုနဲ့ တာဝန်ခံမှုမရှိတာကြောင့် နှိပ်စက်မှု၊ လိင်အကြမ်းဖက်မှုနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့အသံကို နားထောင်ဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီအုပ် ချုပ်ရေး ပြန်သွားမယ့်လမ်းကြောင်း ဖွင့်လှစ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန် တိုနီယိုဂူတာရက်က တောင်းဆိုပြီးနောက် IIMM က မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ တိုးလာတဲ့အကြောင်း ထုတ်ဖော်ပြောတာပါ။
“မြန်မာနိုင်ငံကို သွားရောက်ခွင့်မရတဲ့ စိန်ခေါ်မှုကို ကျွန်တော်တို့ ဆက်လက် ရင်ဆိုင်နေရပါတယ်။ သ တင်းအချက်အလက်တွေရရှိဖို့နဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုဖို့ ကျွန်တော်တို့ရဲ့ ထပ်တလဲလဲ တောင်းဆိုချက် တွေကို စစ်တပ်အာဏာပိုင်တွေက လျစ်လျူရှုခဲ့ပါတယ်” လို့ သူက လူ့အခွင့်အရေးကောင်စီကို ပြောပါတယ်။
ဉရောပသမဂ္ဂ၊ ဖင်လန်၊ ကနေဒါနဲ့ ကော့စတာရီကာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး IIMM ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုဖို့ အခြားတိုင်းပြည်အများအပြားက စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် တရုတ်၊ အီရန်နဲ့ ရုရှားနိုင်ငံက ပြည်ပ ဝင်ရောက်စွက် ဖက်မှုနဲ့ပတ်သက်လို့ အချုပ်အချာအာဏာ မထိခိုက်ရေးအခြေခံမူကို အလေးပေးပြောခဲ့ပါတယ်။
“မြန်မာပြည်သူတွေအတွက် တရားမျှတမှုရရှိဖို့နဲ့ တစ်နေ့ကျရင် ပြစ်မှုကျူးလွန်သူတွေ တာဝန်ခံစေရေး ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတွေကို အလေးထားဖို့ IIMM က သံန္နိဌာန်ချထားတယ်ဆိုတာ သိစေချင်ပါတယ်” လို့ သူ က ဖြည့်စွက်ပြောပါတယ်။
ကိုးကား – https://www.ungeneva.org
Ref; War crimes intensifying: Myanmar human rights investigators