
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၂ ရက်
မုတ်သုံလေအားကောင်းနေသဖြင့် နိုင်ငံတဝန်း မိုးရွာသွန်းမှု အားကောင်းနေကာ ဧရာဝတီတိုင်းတွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေမြင့်တက်နေပြီး ဒေသခံများ သတိပြုနေထိုင်ရန်လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။
စက်တင်ဘာ ၉ ရက်နေ့မှစတင်၍ မြင့်တက်လာသော ဧရာဝတီမြစ်ရေနှင့် ငဝန်မြစ် ရေသည် စက်တင်ဘာ ၁၂ ရက်နေ့တွင် စိုးရိမ်ရေအမှတ်ကျော် လွန်ရောက်ရှိနေပြီး ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ယင်းဌာနထံက သိရသည်။
ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ၁၀ လက်မခန့်ကျော် လွန်ရောက်ရှိနေပြီး လာမည့် တစ်ရက်တွင် ၃ လက်မခန့်လျော့နည်းနိုင်သော်လည်း စိုးရိမ်ရေအမှတ်တွင်ဆက်လက်တည်ရှိနေပြီဖြစ်ကြောင်း သိရသည်။
“ မုတ်သုံအားကောင်းနေတာ မြစ်ရေလျှံလာတာနဲ့ ရေတက်ရက်ဆုံရင် ပြဿနာရှိတယ်။ ဧရာဝတီမြစ်ရေကလည်း အထက်မှာရွာထားတဲ့မိုးအရှိန်နဲ့ ရေလျှံကျလာပြီး တအိအိနဲ့ ဆင်းလာနေတယ်။ ဧရာဝတီတိုင်း အနိမ့်ပိုင်းဒေသက လူတွေသိထားရမယ်။ မြေပြန့် ဒေသမို့လို့ ရေတက်ရင်ပြေးစရာမြေမရှိဘူး”ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး အတွေ့အကြုံရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် စိုးရေရိမ်ရေအမှတ်အထက်သို့ ၁၀ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၃ လက်မခန့် ကျဆင်း လာနိုင်သော်လည်း စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိ နေမည်ဖြစ်ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းပြင် ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက်သို့ ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ၁ လက်မခန့် မြင့်တက် လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းပါးပြိုကျကာ နေအိမ်ရာနှင့်ချီ အရေးပေါ်ရွှေ့ပြောင်းနေရကြောင်း သိရပြီး ဆိပ်သာမြို့၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နှင့် သားပေါင်းမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြုနေထိုင်ကြရန် အတိပေးထားသည်။
လက်ရှိကာလသည် မိုးနှောင်းကာလဖြစ်ပြီး မုတ်သုံလေအားကောင်နေမှုကြောင့် တိုင်းနှင့်ပြည်နယ် အနှံ့အပြာမိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း သိရသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်နေ့အတွင်း၊ အလယ်ပိုင်းတွင် စက်တင်ဘာ ၁၉ရက်မှ ၂၅ ရက်အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၁ ရက်နေ့အတွင်း ဆုတ်ခွာမည်ဖြစ်ကြောင်း မိုး/ဇလ က ခန့်မှန်းထားသည်။
ဓာတ်ပုံ – မိုးဇလ
#မြစ်ဝကျွန်းပေါ်ဒေသ #ဧရာဝတီမြစ်ရေတက် #ငဝန်မြစ်ရေတက် #Ayeyarwaddy_Times