ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၈ ရက်

အာဏာသိမ်းစစ်ကောင်စီတပ်မှာ စစ်အင်အားလိုအပ်ချက် မြင့်မားနေသဖြင့် လေတပ်နှင့်ရေတပ်မှ စစ်သည်အင်အားများ နှုတ်ယူကာ မြို့ပေါ်လုံခြုံရေးများ ဆောင်ရွက်ခိုင်းနေပြီး မြို့ပေါ်၌ချထားသည့် ကြည်းတပ်မှ စစ်သည်များကို ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ရန်ကုန်တိုင်းနှင့် ဧရာ၀တီတိုင်းမှလွဲ၍ ကျန်ဒေသအားလုံးတွင် ထိုးစစ်ဆင်ခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ ခုခံတိုက်ခိုက်မှုအများအပြား ကြုံတွေ့နေရပြီး တပ်ရင်းမှူး ဗိုလ်မှူးအဆင့်၊ တပ်ခွဲမှူး ဗိုလ်ကြီးအထိပါ သေဆုံးမှုများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေသည်။

ထိုသို့ စစ်အင်အားလိုအပ်ချက် များပြားနေသဖြင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးအများအပြား၌ လုံခြုံရေးချထားသည့် ကြည်းတပ်မှ စစ်သည်များကို ရှေ့တန်းသို့ပို့ဆောင်ကာ ၎င်းတို့နေရာတွင် လေတပ်နှင့် ရေတပ်မှ စစ်သည်များဖြင့် အစားထိုးခိုင်းစေနေခြင်းဖြစ်သည်။

“လေတပ်နဲ့ ရေတပ်က စစ်သည်တွေကို အင်အားထုတ်ပြီး မြို့ပေါ်လုံခြုံရေးတွေ ယူခိုင်းနေတယ်။ မြို့ပေါ်မှာ လုံခြုံရေးချာထးတဲ့ ကြည်းတပ်က စစ်သည်တွေကိုကျတော့ ရှေ့တန်းမှာ အင်အားတွေလိုနေလို့ ပို့နေတာ”ဟု မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်တွင်းသတင်းရင်းမြစ် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်မှာ ယခုနှစ်ဆန်းပိုင်းမှစတင်၍ လေတပ်များမှ တပ်တစ်ခုလျှင် စစ်သည် အယောက် ၂၀ စီထုတ်ယူ၍ သင်တန်းတက်ရမည်ဟုဆင့်ခေါ်ကာ ရှေ့တန်းသို့ ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံက သိရသည်။

စစ်ကောင်စီတပ်က ရန်ကုန် – ပုသိမ်ကားလမ်းနှင့် ရန်ကုန် – ပဲခူးကားလမ်းတလျှောက်ရှိ အရေအတွက် ဒါဇင်နှင့်ချီသော စစ်ဆေးရေးဂိတ်မှ စစ်သားများကို ယခုနှစ်မေလကစတင်၍ ပြန်လည်ရုပ်သိမ်းကာ ရှေ့တန်းသို့ စေလွှတ်ခဲ့သည်။ စစ်သားများမရှိတော့သည့် အဆိုပါ ဂိတ်များ၌ စစ်မှုထမ်းဟောင်းများနှင့် ပျူစောထီးများက တာဝန်ယူကာ ငွေကြေးအဓမ္မကောက်ခံမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

“ရန်ကုန်မှာဆိုရင် စစ်တပ်လုံခြုံရေးက တော်တော်ကိုနည်းသွားပြီ။ ရဲတွေပဲ စောင့်နေတာ များတယ်။ အရင်က စစ်တပ်လုပ်ထားတဲ့ ဘန်ကာတွေ၊ ဂိတ်တွေမှာလည်း စစ်သားတွေ သိပ်မတွေ့ရတော့ဘူး။ မြို့ထဲ ကင်းလှည့်တာတွေလည်း ရဲတွေပဲများတယ်။ စစ်ကားတွေနဲ့လှည့်တာ မတွေ့ရသလောက် ဖြစ်နေပြီ”ဟု ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှာ လက်ရှိတွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ – KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ ထိုးစစ်ဆင်နေသလို ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းအတွင်း၌လည်း စစ်မျက်နှာများဖွင့်လှစ်၍ ထိုးစစ်ဆင်မှုများ ဆောင်ရွက်နေသည်။

စစ်ကောင်စီ၏ထိုးစစ်ဆင်မှုများကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၊ NUG အစိုးရ၏ PDF တပ်များနှင့် ဒေသကာကွယ်ရေးတပ်များမှ မြေပြင်၊ ဝေဟင်နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်နေသည့်အတွက်
စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူးအဆင့် ဗိုလ်မှူး၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီးများအပါအဝင် စစ်သည်အများအပြား ထိခိုက်ကျဆုံးမှု များပြားနေသလို စစ်သည်အင်အား လိုအပ်ချက်လည်း မြင့်မားလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်သားများ ရှေ့တန်းထွက်နေစဥ်

#ရှေ့တန်း #ရေတပ် #လေတပ် #စစ်ဆင်ရေး Ayeyarwaddy_Times