
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
ပို့ကုန်ကဏ္ဍတိုးမြင့်ရေး ဆောင်ရွက်နေသော စစ်ကောင်စီက ဒေသတွင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် ဆန်အပါအဝင် လယ်ယာပို့ကုန်များ တိုးမြင့်ပို့ဆောင်နိုင်ရန် သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်း UMFCCI သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် စားအုန်းဆီတင်သွင်းမှု အများဆုံးအင်ဒိုနီးရှားနိုင်ငံအပါအဝင် ဆန်တင်ပို့မှုအများဆုံး ဖိလစ်ပိုင်နိုင်ငံတို့ဖြင့် စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။
အဆိုပါ နှစ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် လယ်ယာထွက်ကုန်များ၊ ပဲမျိုးစုံများ တင်ပို့နိုင်ရန်အပါအဝင် မရှိမဖြစ် လိုအပ်သောကုန်ပစ္စည်းများ ကုန်သွယ်မှုပြုလုပ်နိုင်ရန်လည်းပါဝင်သည်။ ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြုရေးကဏ္ဍ၊ စိုက်ပျိုးရေးအခြေခံစားနပ်ရိက္ခာထုတ်လုပ်ရေး၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုများနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အပါအဝင် နည်းပညာဖလှယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍာများ ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ်ရေးလိုက်ကြောင်းသိရသည်။
မြန်မာနှင့် အင်ဒိုနီးရှား နှစ်နိုင်ငံကုန်သွယ်မှုတွင် အင်ဒိုနီးရှားနိုင်ငံမှ မြန်မာသို့ စားအုန်းဆီ အမေရိကန်ဒေါ်လာ ၈၂၇ သန်း၊ မုန့်ဖုတ်ကုန် ၃၉ ဒသမ ၈ သန်း နှင့် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ ၃၆ ဒသမ ၈ သန်းရှိကြောင်း ၂၀၂၁ ခုနစ် OEC ထုတ်ပြန်ချက်အရသိရသည်။
မြန်မာနိုင်ငံမှ တင်ပို့ရာတွင် ပဲမျိုးစုံ တင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၈ သန်း၊ သန့်စင်ကြေးနီ တင်ပို့မှုအတွက် ၂၃ ဒသမ ၅ သန်း၊ ခဲ တင်ပို့မှုအတွက် အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၅ သန်းရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဆန်တန်ချိန် ၁၇၀၅၈ မက်ထရစ်တန်တင်ပို့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထုတ်ပြန်ချက်အရသိရသည်။
#စစ်ကောင်စီ #စီးပွားရေးချဲ့ထွင် #အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင်နိုင်ငံ #ဆန်နှင့်ပဲ #Ayeyarwaddy_Times