
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၈ ရက်
အာဏာသိမ်း စစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် ဥက္ကဋ္ဌသုံးဦး ပူးတွဲဦးဆောင်မှုဖြင့် မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံက ချဉ်းကပ်မှု ပုံစံအသစ်ကို လုပ်ဆောင်လာခဲ့ပြီး မလိုက်နာလျှင် အပြစ်ပေး အရေးယူသည့် လုပ်ဆောင်ချက်များ ပြုလုပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က တိုက်တွန်းတောင်းဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာလ ၅ ရက်က ကျင်းပခဲ့သော (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့၏ ယခင်၊ လက်ရှိနှင့် အနာဂတ် ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးတွဲဦးဆောင်မှုဖြင့် ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်ကို ထည့်သွင်း ချမှတ်ခဲ့ကြောင်း သိရသည်။
“ဥက္ကဋ္ဌ သုံးဦးကနေပြီးတော့ ပူးတွဲပြီးတော့ မြန်မာနိုင်ငံအရေးကို ဆောင်ရွက်ရမယ် ဆိုတဲ့ဟာလည်း ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပေါ့နော်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အာဆီယံအဖွဲ့ကြီးအနေနဲ့ အချိန်ဇယား အတိအကျပါတဲ့ Implementation Plan၊ အကောင်အထည်ဖော်မယ့် စီမံချက် ချမှတ်သင့်တယ်။ ချမှတ်ဖို့လည်း ကျွန်တော်တို့ အကြံပြုတယ်၊ တောင်းဆိုခဲ့တယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံအရေးကို ဥက္ကဋ္ဌတစ်ဦးတည်းက ကိုင်တွယ်ခြင်းထက် သုံးဦးပေါင်း ဦးဆောင်မှုက ပိုမိုထိရောက်မည်ဟု အာဆီယံအနေဖြင့် ယူဆထားပြီး လက်ရှိဥက္ကဋ္ဌကနေ နောက်ဥက္ကဋ္ဌ ပြောင်းသွားသည့်အခါတွင် ရရှိခဲ့သော တိုးတက်မှုများ ပိုမိုခိုင်မာစွာနှင့် ပိုမိုကောင်းမွန်သည့် တိုးတက်မှုရလာဒ်ဖြစ်အောင် ဆောင်ရွက်ရေးအတွက် အထောက် အကူ ဖြစ်နိုင်မည်ဟု ထင်မြင်မိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“အဲဒီလို မဟုတ်ရင် ဥက္ကဋ္ဌပြောင်းသွားတိုင်း အသစ်က ပြန်စရတာမျိုး ဖြစ်သွားမှာလည်း စိုးရိမ်ရတာပေါ့။ အဲဒီတော့ အချိန်တွေကြာပြီး တိုးတက်သင့်သလောက် မတိုးတက်တာ၊ ဘယ်လောက်ထိများ ထိထိရောက်ရောက် လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်” ဟု ဦးကျော်ဇော်က ဆိုသည်။
စစ်က်တင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံ ဆွေးနွေးပွဲတွင် စစ်ကောင်စီကို အပြင်းအထန် ရှုတ်ချခဲ့ပြီး အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာအစားဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးရန်နှင့် ဘုံသဘောတူ ညီချက် (၅) ရပ်သည်လည်း မြန်မာ့အရေး ဖြေရှင်းရာတွင် အဓိကအကိုးအကားအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း အာဆီယံ ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့သည်။
အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အား အကောင်အထည်ဖော်ခြင်းဆိုင်ရာ သုံးသပ်၊ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့မှုနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အဖြေကို ရှာဖွေရာ၌ ကူညီပံ့ပိုးပေးလိုသည့် အာဆီယံ၏ ခိုင်မာသည့် ယုံကြည်ချက်သန္နိဌာန်တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ကြိုဆိုကြောင်း ထုတ်ပြန်ထားသည်။
“အဲဒါက စစ်ကောင်စီကို သံတမန်ရေးအရ၊ နိုင်ငံရေးအရ အများကြီးထိခိုက်သွားတယ်။ နောက်တစ်ခုကကျတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီကြောင့်ဖြစ်တဲ့ လူသားချင်းစာနာမှု အထောက်အကူပြုတဲ့ ကိစ္စတွေအတွက်လည်း တိုက်တွန်း ပြောကြားတာ တွေ့ရတယ်။ အာဆီယံအဖွဲ့ကြီးက အခုချိန်မှာ စစ်ကောင်စီရဲ့ စစ်တပ်ကို အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဓိကထား ရှုတ်ချပြောဆိုသွားတာ တွေ့ရတာကတော့ ထူးခြားတယ်ပေါ့နော်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုဆိုပါတယ်။ အသိအမှတ် ပြုတယ်” ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောသည်။
ထို့အတူ အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးများ၌ မြန်မာနိုင်ငံမှ နိုင်ငံရေးကိုယ်စားလှယ်မပါဝင်စေမည့် ဆုံးဖြတ်ချက် ကို ဆက်လက်ကိုင်ဆွဲထားမှုအား ကြိုဆိုသည်။ သို့သော်လည်း အခြားသောအာဆီယံ ဆက်စပ်အစည်းအဝေးများ၊ လှုပ်ရှားမှုများနှင့် အခမ်းအနားများတွင် ပြည်သူလူထု အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ၏ ကိုယ်စားလှယ်များအား ဖိတ်ကြားပါဝင်စေမှုများသည် အာဆီယံ၏ဂုဏ်သိက္ခာကို များစွာထိခိုက်စေသည့် အတွက် အာဆီယံအနေဖြင့် ပြန်လည်သုံးသပ်၍ စစ်ကောင်စီကိုယ်စားလှယ်များအား ပါဝင်မှုမရှိစေရေးအတွက် ပိုမိုအလေးထား လုပ်ဆောင်သွားရန် NUG က တိုက်တွန်းသည်။
“မြန်မာအရေးကို ဖြေရှင်းဖို့အတွက် အာဆီယံကိုယ်စား သုံးနိုင်ငံက ပူးတွဲ လုပ်ဆောင်မယ့် ဆိုတဲ့ဥစ္စာ အဲဒါကချဉ်းကပ်မှု အသစ်တစ်ခုကို ဖောက်ထွက် သလိုဖြစ်တယ်။ ဒါပေမယ့် အောင်မြင်ဖို့ကိစ္စကိုတော့ ကျွန်မကတော့ အလားအလာ မမြင်ဘူးပေါ့နော်။ သူတို့(အာဆီယံ) ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဓိကက မြန်မာနိုင်ငံရဲ့ အရင်းအမြစ်ပြဿနာကို သူတို့ မထိကျိုးကျွန်ပြုတဲ့ကိစ္စ၊ မကိုင်တွယ်တဲ့ ကိစ္စကအဓိကကျတယ်။ ဒီလိုပြောလို့လည်း တစ်ဖက်မှာတော့ အာဆီယံရဲ့ အခုဆုံး ဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေက အကြမ်းဖက် စစ်အုပ်စုပေါ်မှာ အကြပ်ရိုက်မှုတွေ ရှိနေသလားဆိုရင် ရှိနေတယ်လို့ ကျွန်မတို့ပြောလို့ရတယ်” ဟု ရှေ့ပြေးအသံ လူ့အခွင့်အရေးအဖွဲ့ အကြံပေးဘုတ်ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ဧရာဝတီတိုင်းမ် ကို ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံကို ကိုယ်စားပြုသည့် အစိုးရသဖွယ် တရားဝင် ဆက်ဆံခံရမှုကို လိုလားနေပြီး ထိုသို့ တရားဝင်မှု ပြသခြင်းကို အာဆီယံက လက်မခံသလို နိုင်ငံရေးအရ တရားဝင်မှု မရရှိခြင်း၊ နိုင်ငံတကာ သံတမန်ဆက်ဆံရေးများ ပုံမှန်တည်ဆောက်ခွင့် မရရှိခြင်းသည်လည်း စစ်ကောင်စီအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်စေကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။
စစ်ကောင်စီသည် အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်အား အကောင်အထည် ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် များကို ကန့်ကွက်ထားပြီး အာဆီယံ ပဋိညာဉ်စာတမ်း အပိုဒ်(၅)ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့်သွေဖည်လျက် မြန်မာနိုင်ငံ၏အခွင့်အရေးဖြစ်သည့် တန်းတူ ရည်တူ ကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် အဆိုပါ အာဆီယံ ထိပ်သီးအစည်းအဝေးကို မတက်ရောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ- (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး
#မြန်မာ့အရေးဖြေရှင်းရန် #အာဆီယံချဉ်းကပ်မှုအသစ် #လိုက်နာမှုမရှိ #အပြစ်ပေး အရေးယူ #NUGတောင်းဆို #Ayeyarwaddy_Times