
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း ဇလွန်မြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၅ရက်နေ့ကစတင်ပြီး စစ်ကောင်စီတပ်မှအင်အားဖြည့်တင်းရန်အကြောင်းပြကာမြို့တွင်းရပ်ကွက်နှင့်ကျေးရွာများထံမှလူငယ်အမျိုးသားဦးရေ၁၀၀ ထက်မနည်းကိိုရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က စာရင်းတောင်းခံမှုများရှိနေကြောင်း ဒေသခံများနှင့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။
ဇလွန်မြို့တွင်းရှိ လူငယ် ၅၀ဦးထက်မနည်းကို ဓနုဖြူအခြေစိုက်ခမရ (၁၀၈)မှရပ်ကွက်လုံခြုံရေးအကြောင်းပြကာ စစ်သင်တန်းပေးရန်အတွက် အတင်းအကြပ် အင်အားတောင်းခံနေကြောင်း အမှတ်၁ရပ်ကွပ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
“မြို့ထဲကရပ်ကွက်အလိုက် လူငယ်အမျိုးသား တွေကိုစာရင်းကောက်ခိုင်းတယ်။ရပ်ကွက်လုံခြုံရေးသင်တန်းဆိုပြီးတော့အင်အား၅၀ တောင်းနေတာ။ စစ်သင်တန်းပေးမယ်လို့သိရတယ်” ဟု ၄င်းကပြောသည်။
အလားတူ ဇလွန်မြို့အနီးရှိ ကြပ်ကြီး၊ကျုံခမွန်၊နံကုလားအလယ်စုကျေးရွာ၊ဆင်ကုန်းကြီးစသည့်ကျေးရွာများထံမှ ဒေသခံ လူငယ်အမျိုးသား ၅၀ ဦးထက်မနည်းကိုရပ်ကျေးလုံခြုံရေးအကြောင်းပြကာ စစ်သင်တန်းပေးရန်အတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံအင်အားတောင်းခံနေကြောင်းသိရသည်။
” သင်တန်းမတက်ရင် စစ်တပ်ထဲပေါ်တာဆွဲခံရမယ်လို့ခြိမ်းခြောက်တာနဲ့ စာရင်းပေးလိုက်ရတာ။ တကယ်ကမတက်ချင်ဘူးဗျ။ တရွာလုံးလည်း စစ်ကောင်စီသတင်းပေးနီးပါးဖြစ်နေတာ။သင်တန်းတက်ပြီးတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး” ဟု ဆင်ကုန်းကြီးကျေးရွာဒေသခံလူငယ်အမျိုးသားတစ်ဦးကဆိုသည်။
ဇလွန်မြို့နယ်တွင်ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ပျူစောထီး(ပြည်သူ့စစ်)အင်အားစုဆောင်းရန် အကြောင်းပြကာ ကျေးရွာများရှိလူငယ်အမျိုးသား ၅၀ ဦးထက်မနည်းသင်တန်းတက်ရောက်ရန်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စာရင်းအတင်းအကျပ်ကောက်ခံမှုများရှိခဲ့သည်။
#ဇလွန်မြို့နယ် #လူငယ်၁၀၀ခန့် #စစ်သင်တန်းတက်ခိုင်း #Ayeyarwaddy_Times