ဧရာ၀တီတိုင်းမ်

စက်တင်ဘာလ ၃ ရက်

စစ်ကောင်စီသည် ရာထူးအပြောင်းအလဲပြုလုပ်ကာ ဖယ်ရှားခဲ့သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး(နယ်/လုံ၀န်ကြီး) ငါး ဦးကို ဒေါ်လာအရောင်းအ၀ယ်ကိစ္စနှင့် ပတ်သက်ပြီးစစ်ကောင်စီက ဖမ်းဆီးစစ်ဆေး နေကြောင်း သိရသည်။

စစ်ကောင်စီက ဒေါ်လာကိစ္စနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု မရှိဘဲ အရောင်းအ၀ယ်ပြုလုပ်နေသည်ဟုဆိုကာ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိ ၃၄ ဦးကို ခေါ်ယူစစ်ဆေးသည့်အထဲတွင် အဆိုပါ (နယ်/လုံ) ၀န်ကြီး ငါး ဦးပါ၀င်ခြင်းဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

“နယ်လုံ ၀န်ကြီးတွေ ဖမ်းခံရထားရတာ အခုမှမဟုတ်ဘူး။ အရင်လတွေထဲကပါ။ အခုလိုရာထူးမပြောင်းရွှေ့ခင် ကတည်းက ဖမ်းခံထားရတာ။ ပြီးမှတရား၀င် အစားထိုး ခန့်တာကို ထုတ်ပြန်တာ။ နယ်လုံ ၀န်ကြီးအောင်ကြည်လင်းကကျတော့ အစောကတည်း က ကိုကိုမောင်တို့နဲ့ကတည်းက ဖမ်းစစ်ခံနေရတာ မိသားစုလိုက်ပဲ ဘာကြောင့်လို သေချာမသိရပေမယ့် အများစုကတော့ ဒီငွေကြေးပြသနာတွေကြောင့်ပဲ။ စစ်ကောင်စီရဲ့ ထိန်းသိမ်း စစ်ဆေးခံနေရတဲ့ ၃၄ ယောက်ထဲမှာ အခု အပြောင်းအရွှေ့ လုပ်တဲ့ နယ်လုံ ၀န်ကြီးတွေပါတယ်။ အခုမှသာ ထုတ်ပြန်ချက်နဲ့ နေရာတွေအစားထိုးတာ”ဟု တပ်တွင်းသတင်း ရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

နယ်လုံ ဝန်ကြီး ငါး ဦးသည် ပုဂ္ဂလိကဘဏ်တွေနှင့်ဆက်နွယ်၍ ‌အမေရိကန်ဒေါ်လာ အရောင်း အ၀ယ်ကိစ္စနှင့် ပတ်သက်ပြီးစည်းမျဉ်း၊ စည်းကမ်းများ ချမှတ်ထားသည့်အပေါ် မရိုး မသား ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးစစ်ဆေးခံနေရသည့် ထိပ်တန်းအရာရှိများနေရာတွင် ထပ်မံ၍ ရာထူးပြောင်းလဲ အစားထိုးခန့်အပ်မှု များပြုလုပ်ရန် ရှိနေသေးကြောင်း သိရသည်။

တိုင်းဒေသကြီး ၅ ခုမှ နယ်လုံ၀န်ကြီးများဖြစ်သည့် ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ ဗိုလ်မှူး ကြီးမြင့်ဝေ၊ ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဗိုလ်မှူးကြီးဟန်၀င်းအောင်၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့ကို စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး အစားထိုးခန့်အပ်မှုများပြု လုပ်ခဲ့ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ဖမ်းဆီး စစ်ဆေးခံနေရသည့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း နေရာတွင် ဗိုလ်မှူးကြီး မင်းမင်းလတ်ကို အစားထိုးခန့်အပ်ခဲ့သည်။

ပုံစာ- စစ်ဆေးခံနေရသည့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးးမင်းနောင်နှင့် ဗိုလ်မှူးကြီး အောင်ကြည်လင်း

#စစ်ကောင်စီ #လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး၅ဦး #ရာထူးဖယ်ရှား #ဖမ်းဆီးစစ်ဆေး #Ayeyareaddy_Times