ဧရာဝတီတိုင်းမ်

(မုန်း)၊ စက်တင်ဘာလ ၂ ရက်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏အခြေစိုက်စခန်းတစ်ခုဖြစ်သည့် သစ်ချဆိပ်စခန်းကို စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် KNLA၊ KNDO၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂)၊ နွေဦးစစ်သည်တော်များစစ်ကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ ၄၃၉၊ ခလရ ၆၀၊ ခမရ ၃၅၀ နှင့် ခမရ ၃၅၁ တပ်ရင်းတို့ အခြေချတပ်စွဲထားသည့် သစ်ချဆိပ်စခန်းကို ဩဂုတ်လ ၃၁ ရက်နေ့မှစတင်ပြီး စက်တာဘာလ ၁ ရက်နေ့ညနေအထိ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး တပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သေတဲ့ထဲ အကောင်ကြီးတွေပါတယ်။ တက်လာတဲ့စစ်ကူတွေကိုလည်း ကြားဖြတ်တိုက်နိုင်ခဲ့တယ်။ ပထမရက်မှာပဲစခန်းက တစ်၀က်အထိ သိမ်းနိုင်ခဲ့တာ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲအတွင်း ကွန်မန်ဒိုပြောင်း နှစ်လက်၊ စက်လတ် တစ်လက် နှင့် လက်နက်ငယ် စုစုပေါင်း (၁၉) လက် သိမ်းဆည်းရမိခဲ့ကြောင်း ကေအန်ယူထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း နွေဦးစစ်သည်တော်များစစ်ကြောင်းမှ တပ်စုမှူးနှင့် ရဲဘော်တို့ နစ်ဦးကျဆုံးခဲ့ရပြီး အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂)မှ ရဲဘော် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

“ဒီမနက်မှာပဲ ရန်သူကတော့ပြန်ဆုတ်သွားပြီ။ စစ်တပ်က မိုင်းတွေထောင်ထားတော့ ဒီမနက်နယ်မြေရှင်းလင်းရေးသွားလုပ်တဲ့ ရဲဘော်တစ်ဦးမိုင်းထိတယ်။ ကျဆုံး၊ ထိခိုက်တဲ့ထဲ PDF ရဲဘော်တွေလည်းများတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သစ်ချဆိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပါအဝင် ခလရ ၄၃၉ တပ်ရင်းမှ ၁၂၂ မမ၊ ၁၅၅ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများ ပစ်ကူခြင်း၊ ကျောက်ကြီးရှိ ခလရ ၆၀ တပ်ရင်း မှ ၁၂၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည့်အတွက် ခက်ခက်ခဲခဲ တိုက်ခိုက်သိမ်းပိုက်ခဲ့ရကြောင်း ကေအန်ယူကထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး။

#မုန်း #သစ်ချဆိပ်စခန်း #စစ်ကောင်စီ #စခန်းသိမ်းတိုက်ပွဲ #KNLA #KNDO #ရိုးမစစ်ကြောင်း၂ #Ayeyarwaddy_Times