
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃၁ ရက်
အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လ အစောပိုင်းမှစတင်ပြီး နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားအားလုံးကို ထောင်ဝင်စာ ပေးပို့ရာတွင် ပစ္စည်းအကန့်သတ်ဖြင့်သာ ပေးပို့၍ ရတော့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံက သိရသည်။
စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်နှင့် အချုပ်ထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား နှစ်ပါတ်တစ်ကြိမ် ထောင်ဝင်စာပေးပို့ခွင့်ရချိန်အတွင်း သစ်သီးတစ်မျိုး၊ မုန့်တစ်မျိုး(၂၅ကျပ်သား)၊ အသားကြော်တစ်မျိုး(၂၀ကျပ်သား)၊ ကော်ဖီ ၇ ထုပ် စသည်ဖြင့် ပုံမှန်ထက် အရေအတွက် နည်းပါးစွာသာ ပို့ခွင့်ပြုထားသည့်အတွက် မိသားစုဝင်များနှင့် ဝေးရာတွင် အကျဉ်းကျနေသည့် အကျဉ်းသားများမှာ ခက်ခဲမှုများ ကြုံတွေ့နေရကြောင်း သိရသည်။
“အခက်အခဲကတော့ ထောင်ထဲက နိုင်ကျဥ်းတွေကော အခြားအကျဥ်းသားတွေပါ ပါဆယ်ကို အခုလိုကန့်သတ်လိုက်တဲ့အတွက် အတော်အဆင်မပြေဖြစ်ပါတယ်။ နိုင်ကျဥ်းတွေက ပါဆယ်လာရင် အချင်းချင်းမျှဝေစားကြတာပါ။ အထူးသဖြင့် နယ်ထောင်တွေမှာရောက်နေတဲ့ နိုင်ကျဥ်းတွေအတွက် မိသားစုက တစ်လတစ်ခေါက်ရောက်ဖို့တောင် မနည်းကြိုးစားနေရချိန် အခုလိုကန့်သတ်လိုက်တာဟာ အတော်ဆိုးပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာပို့ပေးနေသည့် “ထောင်ဝင်စာပို့ကြမယ်” အဖွဲ့အစည်းတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုကဲ့သို့ ထောင်ဝင်စာပေးပို့ခွင့်ကို လျှော့ချလိုက်သော်လည်း ထောင်စျေးဘားများတွင် အဆမတန်စျေးတင်ရောင်းနေပြီး အလိုရှိသလို ဝယ်ယူ၍ရနေသည့်အတွက် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအပေါ် တမင်အခက်အခဲဖြစ်အောင် လုပ်ဆောင်နေကြလည်း အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေ အချင်းချင်းက ထောင်ဝင်စာတွေကို အပြန်အလှန် မျှဝေပြီးကျွေးတာတွေ လုပ်ကြပါတယ်။ အခုလိုထောင်ဝင်စာတွေကန့်သတ်လိုက်တဲ့အတွက် ဥပမာ ထောင်ဝင်စာတစ်ခါတွေ့မှ ကော်ဖီမစ် ၇ ထုပ်ဆိုတော့ မနက်တစ်ခါသောက်တယ် တစ်ချို့နေ့လည်ပါသောက်တဲ့သူဆို မလောက်တော့ဘူးလေ။ အထဲကသူတွေရဲ့ နေရေးစားရေးကို ကြပ်တည်းအောင် လုပ်လိုက်တယ်လို့ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့တတ်နိုင်တဲ့သူတွေက ပစ္စည်းတွေပိုပို့ကြတယ်။ မတက်နိုင်တဲ့သူတွေကိုကျွေးတယ်။ အခုလို သူတို့သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းဆို နိုင်ငံရေးအကျဉ်းသားတွေရဲ့ စားသောက်ရေးကိစ္စတွေတော်တော်ကြပ်တည်းသွားမယ်။ ဒါဟာစစ်ကောင်စီက တစ်ဖက်လှည့်နဲ့လုပ်တာလို့ သုံးသပ်ပါတယ်။” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဧရာဝတီတိုင်းမကို ပြောသည်။
ယခုကဲ့သို့ ထောင်ဝင်စာ ပါဆယ်ပစ္စည်းပေးပို့မှုများ ကန့်သတ်ခြင်းမှာ သာယာဝတီအကျဉ်းထောင်အတွင်း ကန့်သတ်ထားသည်မှာ ကြာမြင့်နေပြီးဖြစ်ကြောင်းသိရပြီး အခြားအကျဉ်းထောင်များတွင်လည်း ထောင်တွင်းဆူပူမှုများ ဖြစ်ချိန်တွင် ယခုကဲ့သို့ကန့်သတ်မှုများပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#အကျဥ်းထောင် #ထောင်ဝင်စာ #ကန့်သတ် #စစ်ကောင်စီ #Ayeyarwaddy_Times