ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ ဩဂုတ် ၂၆ရက်

မင်းတပ်မြို့နယ်၏ အခြေခံလိုအပ်ချက်များ အတွက် မြို့ကို သိမ်းပိုက်ရန် အရေးကြီးနေပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၏ လိုအပ်ချက်များကို ကူညီပေးရန် လိုအပ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ထံမှ သိရသည်။

ချင်းပြည်နယ်တွင် မင်းတပ်မြို့အပါအဝင် အခြားမြို့နယ်များတွင် ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကုန်စည်စီးဆင်းမှု ကြာရှည်ပြတ်တောက်ပါက ဒေသခံပြည်သူများ အငတ်ဘေးကြုံတွေ့လာနိုင်သည့်အတွက် ယခုကဲ့သို့ မင်းတပ်မြို့ကို သိမ်းယူရန်လိုအပ်ခြင်း ဖြစ်ကြောင်းတာဝန်ရှိသူများက ပြောသည်။

ကုန်စည်စီးဆင်းမှုပြတ်တောက်ခြင်းကြောင့် မြို့ပေါ်နှင့် ကျေးလက်ဒေသများတွင် ဆေးဝါးများလည်း ပြတ်လပ်နေပြီး ဒေသခံများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ် အလွန်အားနည်းနေသလို လုံလောက်စွာ ဆေးဝါးကုသခွင့်လည်း မရရှိကြောင်းဒေသခံများထံမှ သိရသည်။

“ဒါတွေကို ကုစားဖို့ နည်းလမ်းများစွာထဲက မင်းတပ်မြို့ကို စစ်ရေးအရ ပြန်လည်စိုးမိုးသိမ်းယူဖို့ အရမ်းအရေးကြီးတယ်။ ဒါတွေကို ကြိုးပမ်းနေတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ကို ဘဏ္ဍာရေးလိုအပ်ချက် ထောက်ပို့ကူညီပေးကြဖို့ နိုင်ငံတကာက တော်လှန်ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံတင်ပြလိုပါတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) ၏ သတင်းနှင့် ပြန်ကြားရေးနှ

င့် မှတ်တမ်းဌာန၊ တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်း-မကွေး နယ်စပ်တလျှောက်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား မကြာခဏတိုက်ပွဲဖြစ်ပွားပြီး အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မင်းတပ်-ကျောက်ထုလမ်းပိုင်းကိုလည်း စစ်ရေးအခြေအနေအရ မကြာခဏပိတ်ပင်မှုကြုံနေရသည်။

ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)က မြို့တွင်းစစ်ဆင်ရေးများကိုလည်း မကြာခဏဆင်နွှဲခဲ့ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ-မင်းတပ်မြို့

#ချင်းပြည်နယ် #မင်းတပ် #ကုန်ဈေးနှုန်းမြင့်တက် #မြို့ပေါ်သိမ်းပိုက်ရန် #မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် #ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) #လိုအပ်ချက်များကိုကူညီပေးရန်လိုအပ် #Ayeyarwaddy_Times