ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၆ ရက်

ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့တွင် သြဂုတ်လ ၂၅ ရက်၊ နံနက်ပိုင်းက ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ဗုံးစထိမှန်သွားသော လူငယ် အမျိုးသားတဦးအပါအ၀င် လူငယ်တစ်ချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေးရုံးရှေ့နှင့် အင်းရဲလမ်းဆုံ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်အနီးတွင် နံနက် ၇ နာရီ ၁၅ မိနစ်တွင် တစ်ချိန်ထဲ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။

“စည်ပင်ရုံးရှေ့က အရင်ပေါက်တာ၊ အဲ့ပေါက်တဲ့ နားကလူငယ်လေးတစ်ဦးထိသွားပြီးလဲသွားတာ။ ရဲနဲ့စစ်သားတွေက သူ့ဒဏ်ရာက လက်ချောင်းတွေ မှာဆိုတော့ ဗုံးထောင်တဲ့သူဆိုပြီး ဖမ်းသွားကြတာတော့တွေ့တယ်”ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့အတွင်းအပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ပြီး နေ့လည်ပိုင်းတွင်ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက်မှ လူငယ် ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများက ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး ပုသိမ် ခရိုင်အတွင်းတွင်လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရှိရသည်။

လက်ရှိတွင် ဒဏ်ရာရအမျိုးသားအပါအ၀င် ဖမ်းဆီးထားသောလူငဟ်များကို ကျုံပျော်မြို့ အမှတ် (၃၆)ခြေလျင်တပ်ရင်းအတွင်းသို့ ခေါ်ဆောင်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရှိရသည်။

#ကျုံပျော်မြို့ #စစ်ကောင်စီတပ် #ဗုံးပေါက်ကွဲ #စည်ပင်ရုံး #Ayeyarwaddy_Times