
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ ရန်ကြီးအောင် ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ ၂၃ ရက်နေ့ကဘုန်းကြီးအချင်းချင်း ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကြီးအောင်ဘုန်းကြီးကျောင်း အိပ်ဆောင်၌ ဘုန်းကြီးသုံးပါး အတူရှိနေစဉ် ဦးဝိမလဟု ဘွဲ့နံမည်တူသူ ဘုန်းကြီး၂ ဦး ဓားဖြင့်ခုတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဓားဖြင့်ခုတ်သည့် ဘုန်းကြီးမှာ ဦးဝိမလ(လူအမည် ဦးဝင်းနိုင်)ဖြစ်ပြီး အခုတ်ခံရသည့်ဘုန်းကြီးမှာ ဦးဝိမလ (လူအမည် ဦးလှသိန်း)ဖြစ်ကြောင်း
ဒေသခံတဦးကပြောသည်။
“ခုတ်တဲ့ ဘုန်းကြီးက လဲ ဦးဝိမလပဲ ဒဏ်ရာရတဲ့ ဘုန်းကြီးကလဲ ဦးဝိမလပဲ၊ ဘွဲ့ တူပဲ ရဲဘက်ကတော့ရန်ဖြစ်တယ်လို့ပြောတာပဲ။ ဒါပေမယ့်ခံရတဲ့ဘက်က
ဘုန်းကြီးမိသားစုက ခုတ်တဲ့ဘုန်းကြီးကစိတ်ဖောက်ပြီးခုတ်တာလို့လဲ ပြောနေကြတာပဲ”ဟု ဒေသခံတစ်ဦးက ဧရာ၀တိတိုင်းမ်ကိုပြောသည်။
ဓါးခုတ်ခံရသောဦးဝိမလ(ဦးလှသိန်း)တွင် ယာဘက်နဖူးတွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ပြင်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်ဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်လက်သူကြွယ်နှင့် လက်သန်းပြတ်ရှဒဏ်ရာနှင့် ဝဲဘက်ခြေဖမိုးပြတ်ရှဒဏ်ရာ (၁) ချက်(သွေးထွက်များ၊ပြင်းထန်၊စိုးရိမ်ရ)ရရှိသွားကာဟင်္သာတဆေးရုံကိုတင်ပို့ထားရကြောင်းရဲမှတ်တမ်းများအရသိရှိရသည်။
ဓားခုတ်မှုကျူးလွန်သည့် ဦးဝိမလ(လူ ဦးဝင်းနိုင်)အား လူ၀တ်လဲကာ ဟင်္သာတမြို့မရဲစခန်း၌ ဖမ်းဆီး ထားသည်ဟုသိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၂၆/၂၉၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံကသိရှိရသည်။
#ဟင်္သါတမြို့ #ဘုန်းကြီးနှစ်ပါး #ဓားခုတ်မှုဖြစ် #ရဲ #Ayeyarwaddy_Times