နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၅ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီသည် စိတ်ကြီးဝင်နေပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်-NCA ကိုလည်း နားမလည်သလို တောင်စဉ်ရေမရ ပြောနေမည့်အစား နိုင်ငံရေးကနေ အပြီးတိုင်စွန့်ခွာသင့်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ-EROs က ထောက်ပြပြောဆိုသည်။

စစ်ခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အာဏာကို အဓမ္မလုယူခဲ့ပြီးနောက် အရေးပေါ်ကာလ တစ်ခါကုန်ဆုံးတိုင်း အကြောင်းအမျိုးမျိုးပြ၍ ခြောက်လသက်တမ်း တိုးယူခဲ့သည်မှာ လက်ရှိတွင် လေးကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ၏ (၂၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် NCA လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရန်အတွက် EROs များကို အမြဲတမ်း ဖိတ်ခေါ်လျက်ရှိသော်လည်း အတိုင်းအတာတစ်ခု အထိသာ ရှိမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကတော့ စိတ်ကြီးဝင်တယ်လို့ ကျွန်တော်ထင်တယ်။ စိတ်ကြီး ဝင်တယ်ဆိုတာကတော့ မိမိတို့ အဖွဲ့အစည်းကသာလျှင် သာလွန်တယ်၊ မြင့်မြတ်တယ်၊ ဆုံးဖြတ်ခွင့်ရှိတယ် ဆိုတဲ့ဟာမျိုးနဲ့ စိတ်ကြီးဝင်ပြီး ပြောတာလို့ ကျွန်တော်ကတော့ အဲဒီလိုလေး သတိပေးချင်ပါတယ်။ နောက်တစ်ချက်ကတော့ NCA ကို နားမလည်ကြတာ ဖြစ်ပါတယ်။ NCA ကို နားမလည်ဘဲနဲ့ သူတို့ ဒီလိုဆုပ်ကိုင်ပြီး ပြောကြတာဖြစ်ပါတယ်။ NCA ကို အတိုင်းအတာတစ်ခုထိပဲ လက်ခံမယ်ဆိုတာ သူတို့ ပြောခွင့်မရှိဘူး” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်-NCA သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ချုပ်ဆိုခဲ့သော စာချုပ်မဟုတ်ဘဲ ထိုဥပဒေမှ ပေါ်ပေါက်လာသည့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးလည်းဖြစ်သည်။

ထို့အပြင် NCA စာချုပ်ကို ပါဝင်သူအားလုံး တန်းတူရည်တူ လက်မှတ်ရေးထိုးကြပြီး Joint Ownershiop စုပေါင်းတာဝန်ယူ ပိုင်ဆိုင်ကြကာ ပြည်ထောင်ဘက်အဖြစ် အပြန်အလှန် အသိအမှတ်ပြုထားကြသူများအကြား မည်သူကမှ အထက်စီးကနေ ပြောဆိုဆက်ဆံခွင့် မရှိသလို အာဏာသိမ်းထားသည့် စစ်ကောင်စီအနေဖြင့် ပို၍ပြောခွင့်မရှိကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆိုသည်။

“စစ်ကောင်စီနဲ့ (ဗိုလ်ချုပ်) ဇော်မင်းထွန်း နားမလည်တဲ့ကိစ္စက ဘာလည်းဆိုတော့ သူတို့နားလည်ထားတာက ဒီဥစ္စာ(NCA)ဟာ သူတို့ကနေ ဦးဆောင်ပြီး လုပ်တာမျိုး ဖြစ်နေတယ်။ အဲ့ဒါ မဟုတ်ဘူး။ သူတို့က အတိုင်းအတာတစ်ခုထိပဲ လက်ခံမယ်ဆို တာကိုလည်း ပြောခွင့်မရှိဘူး။ ဘယ်သူမှလည်း ပြောခွင့်မရှိဘူး။ စစ်တပ်ဆိုတာ တပ်မတော်အနေနဲ့ NCA စာချုပ်ကနေ ထွက်ချင်ထွက်သွားလို့ရတယ်။ ထွက်ချင်တဲ့သူ ထွက်လို့ရတယ်။ ဒါပေမယ့်လို့ NCA စာချုပ်ကတော့ သူ့ဟာသူအတိုင်း ရှိနေမှာ ဖြစ်တယ်။ အစိုးရသော်လည်းကောင်း၊ စစ်တပ်ကသော်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း တစ်ရပ်ရပ်ကသော်လည်းကောင်း အဲဒီစာချုပ် ကို ဖျက်ခွင့်မရှိဘူး” ဟု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့ တောင်စဉ်ရေမရ ရှေ့နောက်မညီသော စကားများ ပြောဆိုနေမည့်အစား ပြည်သူ့ဆန္ဒဖြစ်သည့် စစ်တပ်က နိုင်ငံရေးကနေ လုံးဝအပြီးအတိုင် စွန့်ခွာ၍ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ခံယူကာ ပြည်ထောင်စု တပ်မတော်အဖြစ် ဖွဲ့စည်းပြီး အရပ်သားအုပ်ချုပ်မှုကို လုံးလုံးလျားလျား အရေးခံယူသွားမည်ဆိုလျှင် အတိုင်း အတာတစ်ခုထိ ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမည်ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ကိုယ့်ဘာကိုယ် တလွဲဆံပင်ကောင်း၍ ယခုအတိုင်းသာ ဆက်လက် မိုက်တွင်းနက်မည်ဆိုလျှင် ပြည်သူလူထုက ပေးမည့်ပြစ်ဒဏ်သည် အင်မတန်ကြီး ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောတောနီးက ပြောကြားသည်။

“တဖြေးဖြေး နွံနစ်သထက် နစ်လာနေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေကလည်း ဘယ်နိုင်ငံတကာ တရားဥပဒေမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းထဲမှာလည်း ဘယ်လိုမှ ခွင့်လွှတ်နိုင်စရာ အကြောင်းကိုမရှိတော့တာ။ အထူးသဖြင့် ပြည်သူ့ဆန္ဒကို လေးစားပါလို့ပဲ ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အချိန်က မနှောင်းသေးပါဘူး။ ဒါပေမယ့် အချိန်ကအရမ်းကို နည်းသွားပါပြီ။ အဲဒါကြောင့် ဆင်ဆင်ခြင်ခြင် လုပ်ပါလို့ပဲ နောက်ဆုံးအသိပေးလိုပါတယ်” ဟု ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ အတိုင်းအတာနှင့် KNU ၏ အတိုင်းအတာသည် မတူညီဘဲ တော်တော် ကွာခြားသလို စစ်တပ်အာဏာ စသိမ်းသည့်နေ့မှစ၍ ထိုအတိုင်းအတာသည် ကုန်ဆုံးသွား ပြီဟု သတ်မှတ်ခံယူကာ ဆုံးဖြတ်ချက်ချခဲ့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောက လယ်စေးက ဧရာ၀တီတိတိုင်းမ်ကို ဖြေကြားသည်။

“သူတို့(စစ်အုပ်စု)ဘက်ကပဲ အတိုင်းအတာတစ်ခုလို့ ထုတ်ဖော်ပြောဆိုလာတာကတော့ ကျွန်တော်တို့တော့ နားမလည်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အရင်တုန်းက ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောဆိုခဲ့သလိုပဲ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ ဆက်လက်ပြီးတော့ လျှောက်လမ်းသွား မယ်ဆိုတာကိုတော့ ထပ်လောင်းပြီး အတည်ပြုပြောဆိုလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ NCA နဲ့ ပတ်သက်လို့ ပြောချင်စရာကို မရှိတော့ပါဘူး” ဟု ပဒိုစောကလယ်စေးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုံစာ-စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

#စစ်အုပ်စု #NCAနားမလည် #နိုင်ငံရေးမှအပြီးတိုင်စွန့်ခွာသင့် #EROsများ #Ayeyarwaddy_Times