နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUG အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီးဖြစ်၍ ယင်းအောက်ကို ပြန်သွားမည် မဟုတ်သလို လူသတ်သွေးစွန်း နေသည့် အာဏာသိမ်း စစ်ကောင်စီနှင့်လည်း တွေ့ဆုံဆွေးနွေးစရာ အကြောင်းမရှိ ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ-CRPHနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တို့ကိုရည်ညွှန်း၍ တွေ့ဆုံ ဆွေးနွေးရေး လုပ်လိုပါက တိုက်ခိုက်မှုများကို ရှုံ့ချစွန့်ခွာပြီး ကမ္ဘာသိအောင် ကြေညာရမည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်ကို NUG က ပြန်လည်တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။

“ဒီလူသတ်ကောင်တွေ သွေးစွန်းနေတဲ့ လက်နဲ့တော့ ကျွန်တော်တို့က စားပွဲ တစ်ဝိုင်း တည်း ထိုင်မှာလည်းမဟုတ်ဘူး၊ လက်ဆွဲနှုတ်ဆက်မှာလည်း မဟုတ်ဘူး။ နောက်ပြီး တော့တော်လှန်ရေးဟာ NUG တစ်ခုတည်း လုပ်နေတာမဟုတ်ဘူး၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရယ်၊ CRPH ၊ NUCC စတဲ့ တော်လှန်ရေးတပ်ပေါင်း စုတွေရယ်၊ အထူးသဖြင့်တော့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ အတူပေါ့နော်။ ကျွန်တော်တို့အဓိဋ္ဌာန် ခိုင်ခိုင်မာမာချပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို သွားမယ်ဆိုပြီးတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်ကို ကျွန်တော်တို့ရဲ့ Roadmap နဲ့ သွားနေတာဖြစ်တယ်” ဟု ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။။

စစ်အာဏာသိမ်းချိန်မှ စတင်၍ လက်ရှိ နှစ်နှစ်ခွဲကျော်ကာလအထိ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ပါမကျန် ပြည်သူလူထုအပေါ် မတရားဖိနှိပ်ဖမ်းဆီး ညှင်းပန်းသတ်ဖြတ်နေပြီး အမျိုးသမီးများကိုလည်း မုဒိမ်းကျင့်သတ်ဖြတ် အကြမ်းဖက် နေသူသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အာဏသိမ်း စစ်ကောင်စီသာဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်း လတ်က ဆိုသည်။

“ဒါကိုသိလို့လည်း အခု အာဆီယံမှာဆိုလည်း (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်တို့ကို ဖိတ်ကြားခြင်းမရှိဘူး။ အဲ့ဒီလိုပဲ အခြားနိုင်ငံတွေဆိုရင်လည်း ဘယ်နိုင်ငံကမှ အဆက်အဆံ မလုပ်ဘဲနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးကို လုပ်ကြဖို့ တိုက်တွန်းနေကြတာ ဖြစ်တယ်။ ပြီးတော့ အမေရိကန်နဲ့ EU စတဲ့ နိုင်ငံတွေ ဆိုရင်လည်း ဆန်ရှင်တွေပေါ့နော်။ စီးပွားရေးပိတ်ဆို့မှုတွေ တောက်လျှောက်လုပ်နေတာ ဖြစ်တယ်ပေါ့နော်။ ဘယ်သူက အကြမ်းဖက်သမားလည်းဆိုတာကို ကမ္ဘာကြီးကလည်း သိတယ်၊ ပြည်သူတွေကလည်း သိတယ်ပေါ့။ ငပြူးက လာပြဲပြနေသလိုပဲ ဖြစ်နေတယ်” ဟု ဦးနေဘုန်း လတ်က ဆက်လက်ပြောသည်။

အကြမ်းဖက်မှုများကို မည်သူက ကျူးလွန်နေပြီး မည်သူများက ပြည်သူလူထုအား ကာကွယ်ပေးကာ တုံ့ပြန်နေသည်ကို မြန်မာပြည်သူသာမက ကမ္ဘာတဝန်းရှိ ပြည်သူများ ကပါ သိနေကြသလို ယခင်ကကဲ့သို့ ပြည်တွင်းရေးအခြေအနေကို ဖုံးဖိထား၍ မရတော့ကြောင်း ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ပြောကြားသည်။

“သတင်းနဲ့ နည်းပညာ ဖွံ့ဖြိုးလာတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတာ ကမ္ဘာ့ပြည်သူတွေရော၊ မြန်မာပြည်သူတွေရော အချိန်နဲ့တပြေးညီ အားလုံးသိ နေကြပါတယ်။ အညာမှာရွာတွေကို မီးရှို့နေတာ ဘယ်သူတွေလဲ၊ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်သတ်ဖြတ်နေတာ ဘယ်သူတွေလဲ၊ လူနေရပ်ကွက်တွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ ဘယ်သူတွေလဲဆိုတာ အားလုံးသိနေတဲ့အတွက် ဒီစကားပေါ်မှာ ကျွန်တော်တို့က အရေးအရာထည့်ပြီး လုပ်စရာမလိုဘူးလို့ ယူဆပါတယ်။ ဘာလို့လည်းဆိုတော့ လိမ်နေကျသူက ဆက်လိမ်နေတဲ့အပေါ်မှာ တကယ်တမ်း သိတဲ့ သူတွေအတွက်က ဟာသကြီးပါပဲ” ဟု ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီအနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ် ရမည်ဖြစ်သည်။

ထို့ပြင် ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်သည့် ကိစ္စရပ်များတွင် တာဝန်ရှိသူအားလုံး ပြည်သူ့တရားစီရင်မှုကို ခံရမည်ဖြစ်ပြီး ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ကိုလည်း ခွင့်မပြုနိုင် ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

ပုံစာ-စစ်ကောင်စီအဖွဲ့ဝင်များ (ပုံဟောင်း)

#NUG #၂၀၀၈ခြေဥဖျက်သိမ်း #လူသတ်သွေးစွန်းစစ်ကောင်စီ #တွေ့ဆုံဆွေးနွေးရန်မရှိ #Ayeyarwaddy_Times