ဧရာဝတီတိုင်းမ်

(မင်းတပ်)၊ ဩဂုတ်လ ၂၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီက ဩဂုတ် ၂၂ ရက်နေ့မှ စတင်၍ ကန့်သတ်ချက်များလုပ်ဆောင်နေပြီး ၎င်းတို့လက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် ကျောင်းများကိုလည်း ပိတ်ခိုင်းထားကြောင်းဒေသခံများထံမှ သိရသည်။

ယခင်က မင်းတပ်မြို့ပေါ်တွင် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် ကျောင်းများကို အကြောင်းမဲ့ ပိတ်ထားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားမှသာလျှင် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် ကျောင်းများကို ပိတ်ထားသည့် ဖြစ်စဥ်များ ရှိခဲ့ကြောင်း သိရသည်။

.“စစ်ကောင်စီတပ်တွေက အထဲမှာ အောင်းနေကြတယ်။ အပြင်မထွက်လာဘူး။ ဌာနဆိုင်ရာရုံး၊ ကျောင်း၊ ဆေရုံတွေကိုလည်း ပိတ်ခိုင်းထားတယ်။ လောလောဆယ်မြို့ပေါ်မှာ တိတ်ဆိတ်နေတယ်။ ဘာကြောင့်လည်းတော့ မသိဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့တွင် ကင်းလှည့်နေသော စစ်ကောင်စီယာဉ်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ ပြောက်ကြားတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသော ခရိုင်ရဲမှူးအောင်မြတ်သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မင်းတပ်မြို့၊ ပြည်သူ့ဆေးရုံတွင် လက်ရှိဆေးကုသမှုခံယူလျှက်ရှိသည်။

မင်းတပ်မြို့ပေါ်တွင် ဌာနဆိုင်ရာရုံးများ၊ ဆေးရုံနှင့် ကျောင်းများပိတ်ထားမှုနှင့်ပတ်သက်၍ ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ထံ တိတိကျကျသတင်ပေးပို့လာမှုမရသေးကြောင်းသိရသည်။

မင်းတပ်-ယောနယ်စပ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ်ကင်းထောက်မှုများပြုလုပ်ခဲ့ ကြောင်းသိရပြီး ကျောက်ထုမြို့မှ ယောမြို့ဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း စစ်ကြောင်းထိုး လာကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့(မင်းတပ်)ထံမှ သိရသည်။

ဓာတ်ပုံ-မင်းတပ်မြို့မြင်ကွင်းများ

#ချင်းပြည်နယ် #မင်းတပ်မြို့ #ဆေးရုံ #ကျောင်း #ဌာနဆိုင်ရာရုံးများပိတ်ခိုင်း #စစ်ကောင်စီ #မင်းတပ်-ယောနယ်စပ် #လေကြောင်းကင်းထောက်မှုအကြိမ်ကြိမ်ပြုလုပ် #Ayeyarwaddy_Times