ဧရာတတီတိုင်းမ်
သြဂုတ်လ ၂၃ ရက်

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားသော်လည်း
သြဂုတ်လ သုံးပတ်တာအတွင်း အုပ်စုဖွဲ့အနုကြမ်းစီးမှု အပါအဝင် လုယက်မှု ၆၀ မှုထက်မနည်း ဖြစ်ပွားခဲ့ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိမှုကြောင့် ညပိုင်းသွားလာရန် အခက်ကြုံနေရကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ အုပ်စုဖွဲ့အနုကြမ်းစီးလုယက်မှု (၆၀)မှုထက်မနည်းဖြစ်ပွားခဲ့သည့် နှုန်းသည် ယခင်ဇူလိုင်လထက် အမှုဖြစ်ပွားမှု ပိုတိုးလာကြောင်း ညောင်တုန်းမြို့နယ် ရဲစခန်းနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

” အနုကြမ်းစီးတဲ့ပုံစံနဲ့ လုယက်မှုတွေ အခုတလော တော်တော်လေးကိုဖြစ်လာတယ်။ စခန်းကိုလာတိုင်တာ အမှုက၆၀ လောက်ရှိနေပြီ။ ကင်းလှည့်နေတာတောင်မှ ညပိုင်းကိုဖြစ်နေတာပေါ့။ လုတဲ့သူတွေက ညောင်တုန်းနယ်ခံမဟုတ်တဲ့သူတွေပါနေလားမသိဘူး ။. သတင်းစုံစမ်းလို့မရဘူးပေါ့။ ရပ်ကျေးအု ပ်ချုပ်ရေးအဖွဲ့တွေကို သတိထားပြီးစောင့်ကြည့်ဖို့တော့ပြောထားတယ်” ဟု ၄င်းကပြောသည်။

အဆိုပါ အုပ်စုဖွဲ့လုယက်မှုများမှာ မအူပင်မြို့နှင့် ထိစပ်နေသည့် မဲဇလီလမ်းဆုံနေရာ၊ ညောင်တုန်း-ဆားမလောက်လမ်းအနီးရှိ ရေလယ်ကျွန်း၊ ရွှေကူ၊ဆားမလောက်၊ ညောင်ပင်စု၊ ချောင်းကြီးစသည့် ကျေးရွာအဝင်အထွက်နေရာများတွင် အချိန်ည ၈နာရီ နှင့် ၁၀နာရီ ကြားတွင် အများဆုံးဖြစ်ပွားလေ့ရှိကြောင်း အဆိုပါရဲအသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ယင်းသို့အုပ်စုဖွဲ့အနုကြမ်းဖြစ်စဥ်များကြောင့် ဒေသခံများသည် ညပိုင်းသွားလာရန်အခက်ကြုံတွေ့နေရကာ မိမိကိုယ်ကိုခုခံကာကွယ်နေရကြောင်း အနုကြမ်းစီးလုယက်ခံခဲ့ရသည့်ဒေသခံ တစ်ဦးက ပြောသည်။

“ အလုပ်ကနေ ပြန်လာတုန်းဆိုင်ကယ်နဲ့အနောက်ကလိုက်လာပြီးတော့ ဓားထောက်လုတာပေါ့။ ဖုန်းနဲ့ လက်ထဲ ရှိတဲ့ ပိုက်ဆံတစ်သိန်းကိုပေးလိုက်ရတယ်။ အိမ်အနီးမှာ တုန်းကလည်း အိမ်ထဲအထိဝင်ပြီး အနုကြမ်းစီးတာ ပိုက်ဆံသိန်း၃၀ လောက်ပါသွားတယ်။ ရဲတွေရှိပေမယ့်အားမကိုးရဘူး။ အမှုသွားဖွင့်လည်းအပိုပဲ။ ကိုယ့်ဘာသာ အပြင်သွားရင် တုတ်တွေဓားတွေဆောင်သွားနေရတယ်။ အဲလိုဆောင်တော့လည်း မတော်တဆ ရဲနဲ့ တွေ့ရင် အဖမ်းခံရဦးမယ်” ဟု အနုကြမ်းစီး လုယက်ခံရသူ ဆားမလောက်ကျေးရွာ ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

ညောင်တုန်းမြို့ပေါ်တွင် ပြီးခဲ့သည့်ဇူလိုင်လကစပြီး စစ်ကောင်စီတပ်အင်အားဖြည့်တင်းထားသလို ရဲအင်အား၁၅ ဦးထက်မနည်း ညပိုင်း ပုံမှန်ကင်းလှည့်နေသည့်အပြင် နေ့ခင်းဘက်တွင်လည်း လူသွားလူလာများသော နေရာများနှင့် အဓိကကျသော လမ်းဆုံများတွင် အရပ်ဝတ်များဖြင့် အသွင်ယူကာ စောင့်ကြည့် သတင်းယူမှုရှိနေသော်လည်း ခိုးဆိုးလုယက်မှုများမှာ ပိုမိုဖြစ်ပွားနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

#ညောင်တုန်း #လုံခြုံရေးတင်းကြပ် #သုံးပတ်အတွင်း#အုပ်စုဖွဲ့အနုကြမ်းစီးမှု #လုယက်မှု၆၀ ဝန်းကျင်ဖြစ်ပွား #Ayeyarwaddy_Times